• Global Witness ၏ ဂြိုဟ်တုမှ စိစစ်လေ့လာချက်တစ်ခုအရ ၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ မြောက်ပိုင်း၌ စင်္ကာပူနိုင်ငံ၏ အရွယ်အစားခန့်ရှိသော နယ်မြေတစ်ခုအတွင်း မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော်တို့ကို တွေ့မြင်ရသည်။
  • မြန်မာနိုင်ငံသည် ယခုအခါတွင် လျှပ်စစ်မော်တော်ယာဉ်များ နှင့် လေအားလျှပ်စစ်ထုတ်ပေးသည့် လေရဟတ်များနှင့်တကွ စမတ်ဖုန်းများ နှင့် အိမ်သုံးပစ္စည်းများအပါအဝင် စိမ်းလန်းသည့် နည်းပညာတွင် အသုံးပြုသည့် လေးလံသော မြေရှားသတ္တုဒြပ်စင်များ အများဆုံး ထုတ်လုပ်ရာနေရာ ဖြစ်လာခဲ့ပါသည်။
  • မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရားမဝင် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်များသည် ပတ်ဝန်းကျင်ရှိ မြေထု နှင့် ရေအရင်းအမြစ်များကို အဆိပ်သင့်နေစေပါသည်
  • တူးဖော်ရေးလုပ်ကွက်များသည် လုပ်ငန်းကို အာဏာဖြင့် ဖိနှိပ်ထိန်းချုပ်ထားပြီး လုပ်ကွက်သစ်များ အတွက် မြေယာများ ပေးအပ်ရန် ငြင်းဆိုပါက ဒေသခံ ပြည်သူလူထုတို့ကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ထားကြသော စစ်တပ်နှင့် ဆက်စပ်နေသည့် ပြည်သူ့စစ်များကို ငွေကြေးပံ့ပိုးလျက် ရှိပါသည်။
  • မြန်မာနိုင်ငံတွင် တရားမဝင် တူးဖော်ခဲ့သည့် သတ္တုဒြပ်စင်များသည် Tesla, Volkswagen နှင့် Siemens တို့အပါအဝင် နိုင်ငံတကာ အမှတ်တံဆိပ်ကြီးများ၏ ထုတ်ကုန်များအတွင်း ရောက်ရှိသွား နိုင်သည့် အန္တရာယ်ရှိနေပါသည်။

စိမ်းလန်းသည့် စွမ်းအင်ဆိုင်ရာ နည်းပညာများ၊ စမတ်ဖုန်းများ နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် အသုံးပြုသော လေးလံသည့် မြေရှားသတ္တုဒြပ်စင်များ တရားမဝင်တူးဖော်သည့် လုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်း အရှိန်အဟုန်ဖြင့် ကြီးထွားလာကြပြီး အဆိုပါ လုပ်ငန်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများကို မီးလောင်ရာလေပင့်ဖြစ်စေကာ လူမဆန်သည့် စစ်အစိုးရနှင့် ဆက်စပ်နေသော ဒေသခံ ပြည်သူ့စစ်အဖွဲ့များကို ငွေကြေးပံ့ပိုးလျက်ရှိကြောင်း Global Witness ၏ စုံစမ်းဖော်ထုတ်မှုအသစ်များကို ယနေ့ ထုတ်ဖော်ပြသလိုက်ပါသည်။

ကျွန်ုပ်တို့၏ အစီရင်ခံစာအရ နှစ်အနည်းငယ်အတွင်း၌ပင် တရုတ်နိုင်ငံသည် ၎င်း၏ လေးလံသော မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်း အများစုတို့အား မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်၏ ဝေးလံခေါင်ဖျားသော ဒေသ တစ်ခုသို့ နယ်စပ်မှ ဖြတ်ကျော်ကာ ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိကြောင်း တွေ့မြင်ရပြီး ယခုအခါတွင် အဆိုပါ ဒေသသည် ကမ္ဘာပေါ်တွင် အရေးပါသည့် တွင်းထွက်သတ္တုများ အများဆုံး ထွက်ရှိရာအရင်းအမြစ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အဆိုပါ တွင်းထွက်သတ္တုများသည် Tesla, Volkswagen, General Motors, Siemens နှင့် Mitsubishi Electric တို့အပါအဝင် ၎င်းတို့၏ ထုတ်ကုန်များအတွင်း လေးလံသည့် မြေရှားသတ္တုဒြပ်စင်များကို အသုံးပြုသော အရေးပါသည့် အိမ်သုံးအမှတ်တံဆိပ် ကုမ္ပဏီများ၏ ထုတ်လုပ်ရေးလမ်းကြောင်းများအတွင်း အဆုံးသတ်ရောက်ရှိသွား နိုင်သည့် အဆိုးကြုံနိုင်ခြေ မြင့်မားစွာရှိနေပါသည်။

ထိခိုက်နစ်နာသည့် အသိုင်းအဝိုင်းများ နှင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်းများ၊ ခေတ်မီသော ဂြိုဟ်တုဓာတ်ပုံများ၊ အချက်အလက်စိစစ်လေ့လာမှုများကို အသုံးပြုကာ Global Witness အနေဖြင့် လွန်ခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းများ၏ ကြီးထွားလာမှု အတိုင်းအတာ နှင့် အရှိန်အဟုန်တို့ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အဆိုပါ တွင်းထွက်သတ္တုများအတွက် တစ်ကမ္ဘာလုံး ဆိုင်ရာ ထုတ်လုပ်ရေးလမ်းကြောင်း၏ ဗဟိုချက်တွင် ရှိနေပါသည်။

ကျွန်ုပ်တို့၏ စိစစ်လေ့လာမှုများအရ ကချင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၌ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက် အနည်းငယ်မျှသာ ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် မတ်လတွင်မူ Global Witness မှ လုပ်ဆောင်ခဲ့သော ဂြိုဟ်တု တစ်ခု၏ မှတ်တမ်းတင်ချက်အရ စင်္ကာပူနိုင်ငံ အရွယ်အစားခန့်ရှိသော နယ်မြေတစ်ခုအတွင်း သီးခြားနေရာပေါင်း ၃၀၀ နီးပါးတွင် သတ္တုပျော်ရည် စုဆောင်းသည့် ကန်ပေါင်း ၂၇၀၀ ကျော်တို့ကို တွေ့မြင်ခဲ့ရပါသည်။ (1)

မြန်မာနိုင်ငံ၏ အဆိပ်သင့်နေသော တောင်များ ဟူသော Global Witness ၏ ဆန်းသစ်သည့် စုံစမ်းဖော်ထုတ်မှုတွင် မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းများကို ပထမဆုံးအကြိမ်အဖြစ် အတွင်းကျကျ စူးစမ်းဖော်ပြထားပါ သည်။

“ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှုအရ တရုတ်နိုင်ငံသည် ဤသို့ အဆိပ်အတောက်ဖြစ်စေသော လုပ်ငန်းကို လွန်ခဲ့ သည့် နှစ်အနည်းငယ်ခန့်အတွင်း မြန်မာနိုင်ငံသို့ ‌ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိခဲ့ပြီး ဒေသခံအသိုင်းအဝိုင်းများ နှင့် သဘာဝပတ်ဝန်းကျင်တို့အတွက် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့မြင်ရပါသည်။” ဟု Global Witness ၏ CEO ဖြစ်သူ Mike Davis က ဆိုပါသည်။ 

လေးလံသည့် မြေရှားသတ္တုဒြပ်စင်များ တူးဖော်ထုတ်ယူရန် အသုံးပြုသည့် လုပ်ငန်းစဉ်များသည် ညစ်ညမ်းမှုများစွာ ဖြစ်ပွားစေပြီး ဒေသဆိုင်ရာ ဂေဟစနစ်များ၊ အသက်မွေးဝမ်းကျောင်းမှုများ နှင့် ဘေးကင်းသည့် သောက်သုံးရေ ရရှိရေးတို့အပေါ် ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှု၌ ဖော်ပြထားပါသည်။ သတ္တု တူးဖော်သည့် နယ်‌မြေမှ အန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများသည် ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည့် မေခမြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်လျက်ရှိသည်ဟု ကချင်ပြည်နယ်ရှိ ဒေသခံအသိုင်းအဝိုင်းများမှ သတင်းပေးပို့တင်ပြခဲ့ကြသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အရေးအပါဆုံးမြစ်ကြီးဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်း ဒေသသည် မြန်မာနိုင်ငံရှိ လူဦးရေ ၅၄ သန်းအနက် သုံးပုံနှစ်ပုံတို့၏ ဌာနေလည်းဖြစ်ကာ အရေးပါသည့် ရေအရင်း အမြစ်တစ်ခုဖြစ်ပါသည်။ အရိုးပွရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါများ နှင့် အစာအိမ်အူလမ်းကြောင်း၊ အရည်ပြား နှင့် မျက်စိရောဂါများအပါအဝင် တရုတ်နိုင်ငံရှိ မြေရှားသတ္တုလုပ်ကွက်များအနီး တွေ့ရှိခဲ့ရသော ကျန်းမာရေး ပြဿနာအများအပြားတို့ကို မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ကွက်များအနီး နေထိုင်လျက် ရှိကြသော ဒေသခံများတွင် တွေ့ရှိရသည်ဟု တင်ပြချက်များလည်း ရှိလာခဲ့ပါသည်။ ကချင်အထူးဒေသ ၁ ဟု ခေါ်ဆိုသည့် သတ္တုတူးဖော်ရေးလုပ်ကွက်များ စုစည်းတည်ရှိရာ တောင်တန်းဒေသသည် ဇီဝမျိုးစုံမျိုးကွဲများလည်း ပေါကြွယ်ဝပြီး မျိုးတုန်းပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိနေသော ရှားပါး အပင် နှင့် တိရစ္ဆာန်မျိုးစိတ်များစွာတို့၏ ဌာနေလည်း ဖြစ်ပါသည်။ ယခုအခါတွင် ယင်းတို့အားလုံးသည် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ လျင်မြန်စွာ ချဲ့ထွင်လာကြခြင်းကြောင့် ဖြစ်ပွားသည့် ညစ်ညမ်းမှု နှင့် သစ်တောပြုန်းတီးမှု အန္တရာယ်များကို ရင်ဆိုင်နေကြရ ပါသည်။

ဤတရားမဝင်ကုန်သွယ်မှု လုပ်ငန်းမှ ငွေကြေးပမာဏ အမြောက်အမြားသည် သတ္တုတူးဖော်ရေး နယ်မြေကို ထိန်းချုပ်ထားသည့် ဒေသခံ စစ်ခေါင်းဆောင်တစ်ဦးဖြစ်သော ဇခုန့်တိန့်ယိန်းအတွက် အမြတ်အစွန်းများစွာ ရရှိစေခဲ့သည်။ ၎င်းသည် မြန်မာစစ်တပ်၏ ကွပ်ကဲမှုအဆင့်ဆင့်အောက်တွင် ပါဝင်သည့် ပြည်သူ့စစ်အဖွဲ့များ နှင့် အခြားသော စစ်တပ်သစ္စာခံ ပြည်သူ့စစ်အဖွဲ့များကို ထိန်းချုပ်ထားသူဖြစ်သည်။ ဇခုန့်တိန့်ယိန်း၊ ၎င်း၏ မိသားစုဝင်များ နှင့် အခြားပြည်သူ့စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း၏ အဓိက ပွဲစားများ ဖြစ်လာကြပြီး မြန်မာနိုင်ငံ၏ ဥပဒေအရ တရားမဝင်သော တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လျှို့ဝှက်အပေးအယူများ လုပ်ဆောင်လျက်ရှိသည်။ ၎င်း၏ ပြည်သူ့စစ်အဖွဲ့များသည် စစ်အစိုးရနှင့် ဆက်စပ်နေ သဖြင့် မြေရှားသတ္တုတူးဖော်ခြင်းမှ ဝင်ငွေများအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုမှ စတင်ကာ ပိုမိုဆိုးရွားလာခဲ့သည့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် သဘောထားမတူသူများအား ဖိနှိပ်ချေမှုန်းမှု များကို ငွေကြေးပံ့ပိုးရန် အသုံးပြုလျက်ရှိနေနိုင်သည့် အန္တရာယ်မြင့်မားစွာ ရှိနေပါသည်။

“မြေရှားသတ္တုတူးဖော်ခြင်းသည် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် ကျောက်စိမ်းလုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် တိုင်းပြည်၏ ပေါကြွယ်ဝသည့် သဘာဝ သယံဇာတများကို ခိုးယူလုယက်ခြင်းဖြင့် ဆယ်စုနှစ်များစွာ ရပ်တည်လာခဲ့သော မြန်မာစစ်တပ်၏ နောက်ဆုံးပေါ် သယံဇာတ ဓားပြတိုက်မှုဖြစ်သည်” ဟု Davis က ဆက်လက်ပြောကြားသည်။

“စစ်အစိုးရသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစတင်ကာ ၎င်း၏ တရားမဝင် အာဏာလုယူမှုကို သက်ဆိုးရှည် စေရန် သဘာဝသယံဇာတများအပေါ် မှီခိုအားထားခဲ့ပြီး မြေရှားသတ္တုများအတွက် ဝယ်လိုအား တဟုန်ထိုး မြင့်တက်လာချိန်တွင် စစ်တပ်သည် ၎င်းတို့၏ ဘဏ္ဍာတိုက်များကို ဖြည့်ရန် နှင့် ၎င်းတို့၏ မတော်မတရားပြုမှုများ အတွက် ငွေကြေးရရှိရန် အခွင့်အလမ်းကို လက်လွတ်ခံမည်မဟုတ်ပေ။ နိုင်ငံတကာ ထုတ်လုပ်ရေးလမ်းကြောင်း များအတွင်း မြန်မာနိုင်ငံမှ သွေးစွန်းမြေရှားသတ္တုဒြပ်စင်များ ဝင်ရောက်နေသည်ဟူသည့် အချက်ကိုကြည့်ခြင်း အားဖြင့် အဆိုပါ အရေးပါသည့် တွင်းထွက်သတ္တုများကိုပါ ထည့်သွင်းရန်အတွက် စစ်တပ်အပေါ် နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများကို တိုးချဲ့ရန် လိုအပ်နေကြောင်း ပြသနေပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဒေသကို ထိန်းချုပ်ထားကြသည့် ပြည်သူ့စစ်များသည် အကြမ်းဖက်ဖိနှိပ်မှုများကို အသုံးပြုကြသောကြောင့် ဌာနေ တိုင်းရင်းသား ပြည်သူများအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် လူမှုအသိုင်းအဝိုင်းများအနေဖြင့် ဤတရားမဝင်လုပ်ငန်းကို ဆန့်ကျင်ပြောဆိုပါက အန္တရာယ်များ ရင်ဆိုင်နေကြရကြောင်း ကျွန်ုပ်တို့၏ စုံစမ်းမှုများတွင် ထုတ်ဖော်ထားပါသည်။ ဥပမာအားဖြင့် Global Witness မှ အထူးသီးခြားရရှိထားသော အထောက် အထားများအရ ဒေသခံပြည်သူ့စစ်အဖွဲ့တစ်ခု၏ ခေါင်းဆောင်နှစ်ဦးသည် မကြာသေးမီကာလအတွင်း ကျေးရွာ ကိုယ်စားလှယ်များကို အစည်းအဝေးခေါ်ယူကာ သတ္တုတူးဖော်ရေးလုပ်ကွက်သစ်များအတွက် မြေယာများကို စွန့်လွှတ်ခြင်းမပြုပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း တွေ့မြင်ရပါသည်။

“ရဲရင့်သော ဒေသခံပြည်သူများသည် ဒေသခံပြည်သူ့စစ်များ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသော်လည်း ထိုသို့သော ပျက်စီးမှုများဖြစ်စေသည့် သတ္တုတူးဖော်ရေးလုပ်ကွက်များကို ဆန့်ကျင်ပြီး ၎င်းတို့၏ မြေယာများ၊ အသက်မွေးဝမ်းကျောင်းမှုများ နှင့် ရေအရင်းအမြစ်များကိုကာကွယ်ရန် ၎င်းတို့၏ အသက်နှင့်ရင်းကာ ထုတ်ဖော်ပြောဆိုလျက် ရှိကြသည်။” ဟု Davis က ထပ်ဆောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တရားမဝင် တူးဖော်ထုတ်လုပ်ခဲ့သော မြေရှားသတ္တုဒြပ်စင်များကို တရုတ်နိုင်ငံတွင် အစိုးရပိုင် ကုမ္ပဏီများက စီမံပြုပြင်ကာ General Motors, Mitsubishi Electric, Siemens, Tesla နှင့် Volkswagen တို့အပါအဝင် လျှပ်စစ်မော်တော်ယာဉ်များ၊ လေအားလျှပ်စစ်ထုတ်သည့် လေရဟတ်များ၊ နှင့် အီလက်ထရွန်နစ် ပစ္စည်းများ ထုတ်လုပ်သော ကမ္ဘာပေါ်တွင် လူသိအများဆုံး အမှတ်တံဆိပ်အချို့ထံသို့ ကုန်ပစ္စည်းတင်သွင်းသည့် အမြဲတမ်းသံလိုက်ထုတ်လုပ်ရေး လုပ်ငန်းများသို့ ရောင်းချပါသည်။

စိမ်းလန်းသည့် စွမ်းအင်ဆိုင်ရာ နည်းပညာများ ထုတ်လုပ်မှု မြင့်တက်လာသဖြင့် အဆိုပါ တွင်းထွက်သတ္တုများ အတွက် လိုအပ်ချက်များ တိုးပွားလာသည့်အခြေအနေတွင် ၂၀၃၅ ခုနှစ်၌ သံလိုက်ထုတ်လုပ်ရေးတွင် အသုံးပြု ရသည့် မြေရှားသတ္တုဒြပ်စင်များအတွက် စုစုပေါင်း လိုအပ်ချက်သည် ၃ ဆအထိ မြင့်တက်လာမည်ဖြစ်သည်။ (2)

“စိုးရိမ်ဖွယ်ကောင်းသည့် အဖြစ်မှန်တစ်ခုမှာ မြန်မာနိုင်ငံ၏ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ဖြစ်ပွားခဲ့ သော သဘာဝပတ်ဝန်းကျင် နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီးလောင်ရာလေပင့်ဖြစ်စေခဲ့သည့် ငွေကြေး များသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များကို ချဲ့ထွင်ရန် နိုင်ငံတကာရှိ တွန်းအားများမှ စတင်လာ ခဲ့ခြင်းဖြစ်ပါသည်” ဟု Davis က ဆိုသည်။ “ရာသီဥတုဆိုင်ရာ ပြဿနာများ တိုးပွားလာပြီး အဆိုပါ ကာဗွန်နည်းပါး သော နည်းပညာများ တဟုန်ထိုး ကြီးထွားလာသည်နှင့်အမျှ စိမ်းလန်းသည့် စွမ်းအင်ဆိုင်ရာ အကူးအပြောင်းသည် သယံဇာတကြွယ်ဝသည့် နိုင်ငံများရှိ လူမှုအသိုင်းအဝိုင်းများကို ထိခိုက်စေခြင်းမရှိဘဲ ထိခိုက်နစ်နာမှု အများဆုံး တွေ့ကြုံရသူများ၏ အခွင့်အရေးများကို ဦးစားပေးကာ မျှတမှုရှိပြီး ရေရှည်တည်တံ့နိုင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း ယနေ့တွေ့ရှိချက်များက နှိုးဆော်လိုက်ပါသည်။”

ကုမ္ပဏီများ နှင့် အစိုးရများအနေဖြင့် အရေးပါသည့် တွင်းထွက်သတ္တုဒြပ်စင်များအတွင်း ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်လုပ်ဆောင်ရာတွင် လူမှုအသိုင်းအဝိုင်းများ နှင့် သဘာဝပတ်ဝန်းကျင်တို့ကို အကာအကွယ်ပေးကြောင်း သေချာစေရေးအတွက် အဆောတလျင် ဆောင်ရွက်ရန် Global Witness က တောင်းဆိုထားပါသည်။  

  • မြေရှားသတ္တုတူးဖော်ခြင်းသည် တရားမဝင်ဘဲ လက်နက်ကိုင်အဖွဲ့များ နှင့် သဘာဝပတ်ဝန်းကျင် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ငွေကြေးပံ့ပိုးနေခြင်းဖြစ်ကြောင်း အသိအမှတ်ပြုသည့်အားဖြင့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် လေးလံသည့် မြေရှားသတ္တုဒြပ်စင်များ တူးဖော်နေမှုကို ရပ်တန့်ပြီး မြန်မာနိုင်ငံမှ မြေရှားသတ္တုဒြပ်စင်များ နိုင်ငံတကာ ထုတ်လုပ်ရေးလမ်းကြောင်းများသို့ ဝင်ရောက်ခြင်းမရှိကြောင်း သေချာစေရမည်ဖြစ်သည်။
  • အစိုးရများသည် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တရားမဝင် လုပ်ငန်းများ သို့မဟုတ် အကျင့်ပျက်ခြစားမှုများနှင့် ဆက်စပ်နေခြင်းမရှိကြောင်း ရှင်းလင်းခိုင်မာသည့် အထောက်အထားများ ပြသနိုင်သည့်အခါတွင်မှလွဲ၍ မြန်မာနိုင်ငံတွင် ထုတ်လုပ် ခဲ့သည့် မြေရှားသတ္တုဒြပ်စင်များအတွက် တင်းကျပ်သည့် သွင်းကုန်ကန့်သတ်ချက်များ ချမှတ်ထား ရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ လူမဆန်သော စစ်အစိုးရအတွက် အကျိုးအမြတ်များ ရရှိအသုံးပြု နိုင်ခြင်းမရှိစေရေးအတွက်လည်း အစိုးရများအနေဖြင့် မြေရှားသတ္တုလုပ်ငန်းမှ တရားမဝင် အကျိုးအမြတ်များ ရရှိနေသည့် လက်နက်ကိုင်အဖွဲ့များအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သင့် ပါသည်။
  • သတ္တုတူးဖော်ခြင်းနှင့် ဆက်စပ်နေသည့် ထိခိုက်ပျက်စီးမှုများကို လျော့ချရန် နှင့် အရေးပါသည့် ထုတ်ကုန်များ ဖန်တီးရာတွင် လေးလံသည့် မြေရှားသတ္တုဒြပ်စင်များ မပါဝင်ဘဲ ထုတ်လုပ်နိုင်ရေးကို အားပေးမြှင့်တင်ရန် ထုတ်လုပ်သူများအား တာဝန်ယူမှုရှိစေသည့် ဥပဒေများ နှင့် သုံးပြီးသား ပစ္စည်းများမှ ပြန်လည်ရယူအသုံးပြုရမည့် သတ်မှတ်ပမာဏများအပါအဝင် ပိုမိုခိုင်မာအားကောင်း သည့် မူဝါဒများကိုလည်း စတင်ချမှတ်သင့်ပါသည်။