မြေရှားသတ္တုဒြပ်စင်များသည် ခေတ်မီ စီးပွားရေးအတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာလျက် ရှိသည်။ သို့ရာတွင် မြေရှားသတ္တုဒြပ်စင်များထုတ်လုပ်ရေးလမ်းကြောင်းနှင့်ပတ်သက်၍ နားလည် သဘောပေါက်မှု အားနည်းနေဆဲဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလွဲသုံးစားပြုမှုများ နှင့် လူသားများအပေါ် ခေါင်းပုံဖြတ်မှုများဖြင့် ရှုပ်ထွေးလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများ နှင့် အစိုးရများအနေဖြင့် အဆိုပါ ပြဿနာများကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်တွင် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် အသုံးပြု နိုင်ကြောင်း သေချာစေရေးအတွက် လိုအပ်ချက်ကို လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။

Myanmar heavy rare earths briefing listing image

တရုတ်နိုင်ငံသည် ဆယ်စုနှစ်များစွာတိုင် ကမ္ဘာပေါ်တွင် လေးလံသော မြေရှားသတ္တုဒြပ်စင်များကို အများဆုံး ထုတ်လုပ်၊ သန့်စင်သည့် နိုင်ငံဖြစ်ခဲ့သည်။ လျှပ်စစ်မော်တော်ယာဉ်များ နှင့် လေအားလျှပ်စစ်ထုတ်ပေးသည့် လေရဟတ်များတွင် အသုံးပြုသော အမြဲတမ်းသံလိုက်များ ထုတ်လုပ်ရာတွင် လေးလံသည့် မြေရှားသတ္တုဒြပ်စင် များကို အသုံးပြုရသဖြင့် ယင်းတို့သည် စိမ်းလန်းသော စွမ်းအင်ကဏ္ဍ အကူးအပြောင်းအတွက် အလွန်အရေးကြီး ပါသည်။ မြေရှားသတ္တုများကို စျေးနှုန်းသက်သာစွာ တူးဖော်ထုတ်လုပ်နိုင်ရန် အသုံးပြုသည့် လုပ်ငန်းစဉ်များသည် အဆိပ်အတောက်ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေကြောင်း ပိုမိုသိသာထင်ရှားလာ သည့်အခါ တရုတ်အစိုးရသည် အရေးယူမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်အစိုးရသည် မြေရှားသတ္တုလုပ်ငန်းကို သန့်စင်ရန်အတွက် စည်းမျဉ်းဥပဒေများစွာ စတင်ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းရှိ လုပ်ကွက် အများအပြားတို့ကို ပိတ်သိမ်းခဲ့သည်။

သို့ရာတွင် မြေရှားသတ္တုလုပ်ငန်းကို သန့်စင်စေရမည့်အစား တူးဖော်ထုတ်လုပ်မှု၏ သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ ထိခိုက်ပျက်စီးမှုများအား အိမ်နီးချင်း မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပို့ဆောင်ခဲ့သဖြင့် မြန်မာနိုင်ငံသည် လေးလံသော မြေရှားသတ္တုဒြပ်စင်များ အများဆုံး ထွက်ရှိရာနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံရှိ ကုန်ထုတ် လုပ်ငန်းများအတွက် အဓိကကျသည့် ကုန်ပစ္စည်းတင်သွင်းမှု အရင်းအမြစ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေကြသော မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ အားလုံးနီးပါးတို့အား မြန်မာနိုင်ငံရှိ လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် စစ်တပ်နှင့် အနီးကပ်ဆက်စပ်နေသော ဒေသခံ စစ်ခေါင်းဆောင် တစ်ဦးမှ ထိန်းချုပ်ထားသော မြန်မာနိုင်ငံမြောက်ပိုင်းရှိ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွင် တရားမဝင် လုပ်ဆောင်လျက်ရှိကြသည်။ တရုတ်နိုင်ငံအနေဖြင့် မြေရှားသတ္တုဒြပ်စင်များ ထုတ်လုပ်သန့်စင်သည့် စျေးကွက်ကို ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သောကြောင့် တရားမဝင် တူးဖော်ခဲ့သော သတ္တုဒြပ်စင်များသည် တစ်ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးလမ်းကြောင်းများအတွင်း ဝင်ရောက်သွားကြပြီး ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ်သော ထုတ်ကုန်များအတွင်းသို့ ရောက်ရှိသွားကြသည်။

ကျွန်ုပ်တို့၏ မူဝါဒဆိုင်ရာ အနှစ်ချုပ်ဖော်ပြချက်တွင် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများ နှင့် အစိုးရများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကြီးမားသည့် ထိခိုက်ပျက်စီးမှုများကို မည်သို့တုန့်ပြန်သင့်ကြောင်း ဖော်ပြ ထားပြီး အဆိုပါ အရေးပါသည့် သတ္တုဒြပ်စင်များအတွက် ရေရှည်တည်တံ့သော ထုတ်လုပ်ရေးလမ်းကြောင်းတစ်ခု တည်ဆောက်ရန် အကြံပြုတင်ပြချက် ၅ ချက်တို့ကို ဖော်ပြထားပါသည်။

  1. ထုတ်လုပ်ရေးလမ်းကြောင်းကို အမျိုးအစားစုံလင်ကွဲပြားစေရန် လုပ်ဆောင်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်း များအနေဖြင့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ မျှတမှုရှိရေးကို ဦးစားပေးဆောင်ရွက်ကြောင်း သေချာစေရန်။
  2. သတ္တုတူးဖော်ရေးလုပ်ကွက်များကို ရှင်းလင်းသန့်စင်ရေး နှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ကုမ္ပဏီများကို တာဝန်ယူစေရန်။
  3. မြေရှားသတ္တုများ၏ စျေးနှုန်းတွင် တူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ရသည့် ကုန်ကျစရိတ် များကို ပေါင်းစပ်ထည့်သွင်းပြီး ထုတ်လုပ်ရေးလမ်းကြောင်းများတွင် အဆိုပါ သတ္တုဒြပ်စင်များ၏ အမှန်တကယ် ကုန်ကျစရိတ်များကို ထင်ဟပ်မှုရှိစေရန်။
  4. တူးဖော်ထုတ်လုပ်ရန် လိုအပ်ချက်ကို အနည်းဆုံးဖြစ်စေရေးအတွက် သုံးပြီးသားပစ္စည်းများမှ ပြန်လည် ရယူအသုံးပြုရေးဆိုင်ရာ မူဝါဒများကို ခိုင်မာအားကောင်းစေရန်။
  5. အသုံးပြုမှု လျှော့ချရေး နှင့် တူးဖော်ထုတ်လုပ်မှုနှင့်သက်ဆိုင်သည့် ထိခိုက်ပျက်စီးမှုများကို လျှော့ချနိုင်ရေး တို့အတွက် ရည်ရွယ်ကာ အစားထိုး ထုတ်ကုန်များတွင် ရင်းနှီးမြှုပ်နှံရန်။