မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ ဓာတ်သတ္တုပစ္စည်းများ အရည်ဖျော်စစ်ထုတ်သည့် ကန်အောက်ခြေ တွင် ရပ်နေကြသည့် မြေရှားသတ္တုတူးဖော်သူနှစ်ဦး။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

မြန်မာနိုင်ငံ၏ အဆိပ်သင့်နေသော တောင်များ

တစ်ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းသည့် စွမ်းအင်ကဏ္ဍ အကူးအပြောင်း၏ ဗဟိုချက်တွင် ရှိနေသော အဆိပ်သင့်စေသည့် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်း

တရုတ်နိုင်ငံသည် လျှပ်စစ်ကားများ နှင့် လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များ တည်ဆောက်ရန် လိုအပ်သော သတ္တုများဖြစ်သည့် လေးလံသော မြေရှားသတ္တုဒြပ်စင်များနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုများကို ကာလရှည်ကြာ လွှမ်းမိုးထားခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် ရာသီဥတုဆိုင်ရာ ပန်းတိုင်များကို ကိုက်ညီရန် အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာသည်နှင့်အမျှ အဆိုပါ ထုတ်ကုန်များအတွက် လိုအပ်ချက်သည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ သို့ရာတွင် ထုတ်လုပ်ရေးလမ်းကြောင်း၏ အရင်းအမြစ်တွင် ပြဿနာတစ်ရပ် ရှိနေပါသည်။

လေးလံသော မြေရှားသတ္တုဒြပ်စင်များ ထုတ်ယူရန် အသုံးပြုသည့် လုပ်ငန်းစဉ်များသည် ညစ်ညမ်းမှုများ မြင့်မားစွာဖြစ်စေပြီး တောတောင်ရေမြေများကို ပျက်စီးစေကာ မြစ်ချောင်းများတစ်လျှောက် အဆိပ်များ စီးဆင်းသွားစေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံရှိ တူးဖော်မှုများ၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆုံးရှုံးမှုများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ကြီးထွားလာသည်နှင့်အမျှ တရုတ်ပြည်တွင်းရှိ တူးဖော်မှု များကို ပိုမို၍ ပိတ်သိမ်းလာခဲ့သည်။ သို့တိုင် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်သည် လျင်မြန်စွာ မြင့်တက်လာလျက် ရှိနေပြီး တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ထုတ်လုပ်သူ ဖြစ်နေဆဲဖြစ်သည်။

သို့ရာတွင် ယခုအခါတွင် ၎င်း၏ နိုင်ငံအတွင်း သတ္တုတွင်းများစွာကို ပိတ်သိမ်းခဲ့ပြီးဖြစ်ရာ တရုတ်နိုင်ငံသည် အဆိုပါ သတ္တုများကို မည်သည့်နေရာမှ ရရှိနေသနည်း?

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁.၅ သန်းမျှသာ ရှိခဲ့သည်။
၂၀၂၁ ခုနှစ်ရောက်ရှိချိန်တွင် ဤစုစုပေါင်းပမာဏသည် အမေရိကန်ဒေါ်လာ ၇၈၀ သန်း ရှိလာခဲ့သည်။

Global Witness မှလုပ်ဆောင်ခဲ့သည့် ခြောက်လကြာ စုံစမ်းဖော်ထုတ်မှုတစ်ခု၌ ဤသို့ အဆိပ် အတောက်များစွာ ဖြစ်စေသည့် လုပ်ငန်းအား တရုတ်နယ်စပ်မှတဆင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်၊ ရယူနေမှုကို ခြေရာခံထားပါသည်။

လေးလံသော မြေရှားသတ္တုဒြပ်စင်များ တူးဖော်မှုသည် နှစ်အနည်းငယ်အတွင်း၌ပင် အလွန်လျင်မြန်စွာ တဟုန်ထိုး တိုးပွားလာခဲ့ပြီး ကချင်အထူးဒေသ ၁ ဟုခေါ်သော မြန်မာနိုင်ငံ၏ တောင်ထူထပ်သည့် အဆိုပါ ဒေသသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုဒြပ်စင် အများဆုံး ထုတ်လုပ်ရာနေရာတစ်ခု ဖြစ်လာခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သည့် စစ်အစိုးရနှင့် ဆက်နွယ်နေသည့် ပြည်သူ့စစ်များမှ ထိန်းချုပ်ထားသော တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဖြစ်သည်။ မြေရှားသတ္တု တူးဖော်ခြင်းသည် မြန်မာနိုင်ငံ၏ ဥပဒေများအရ တရားမဝင်ဘဲ သဘောတရားအားဖြင့် ရှိသည်ဆိုရုံမျှသာ ဖြစ်သည်။

သို့တိုင် နိုင်ငံတကာကုမ္ပဏီများမှ ထုတ်လုပ်သည့် ထုတ်ကုန်များအတွက် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကြောင့် ဤသို့ ကမ္ဘာပေါ်ရှိ ဝေးလံပြီး ဥပဒေမဲ့နေသည့် ဒေသတစ်ခုအတွင်း ပိုမိုဆိုးရွားလာစေလျက်ရှိသည့် ထိခိုက်ပျက်စီးမှုများသည် ယခုအခါတွင် မိမိတို့၏ မြေယာ များကို အသက်စွန့်ကာကွယ်နေကြသည့် ပြည်သူလူထုများအတွက် နာကျင်ဖွယ် လက်တွေ့အခြေအနေပင် ဖြစ်သည်။

တရုတ်နိုင်ငံမြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ တောင်များကို အရည်ဖျော်၍ သတ္တုစစ်ထုတ်ခြင်းpermalink

ဒေသခံလုပ်သားတစ်ဦးဖြစ်သော ဇောင်*အတွက် သတ္တုတူးဖော်မှုလုပ်ငန်းများ ရုတ်တရက် တိုးပွားလာခြင်း သည် ဝင်ငွေရှာရန် ရှားပါးသည့် အခွင့်အရေးတစ်ခုဖြစ်သည်။ သူသည် လစဉ် မြန်မာနိုင်ငံရှိ ပျမ်းမျှ လစာ၏ နှစ်ဆခန့် ရှိသော ၃၈၀၀ ယွမ် (အမေရိကန်ဒေါ်လာ ၆၀၀) ကို ရရှိပါသည်။

သူသည် တရုတ်နယ်စပ်အနီးရှိ သတ္တုတွင်းတစ်ခုတွင် ခွင့်ပြုချက်မရှိသည့် ကုမ္ပဏီတစ်ခုအတွက် မှောင်ရိပ်များ အတွင်း အလုပ်လုပ်ကိုင်သည်။ သဘောတရားအားဖြင့် စဉ်ကြိုင်ကုမ္ပဏီကို လဂွီဘောမ်လန်းဟုခေါ်သည့် ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးမှပိုင်ဆိုင်သော်လည်း အမှန်စင်စစ်တွင် မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းရှိ အခြားသော ဗမာကုမ္ပဏီများနည်းတူ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၏ တရားမဝင် ရင်းနှီးမြှုပ်နှံမှု များအတွက် ဟန်ပြမျှသာဖြစ်သည်။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ တောင်ကုန်းတစ်ခုအတွင်း ဓာတုပစ္စည်းများ ထိုးသွင်းရန် အသုံးပြုသည့် ပိုက်များ၏ ကွန်ရက်တစ်ခုအပေါ်တွင် ရပ်နေသော မြေရှားသတ္တုတူးဖော်သူတစ်ဦး။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ သတ္တုပျော်ရည်စုဆောင်းသည့် ကန်တစ်ခုတွင် လုပ်ကိုင်နေကြသော မြေရှားသတ္တုတူးဖော်သူများ။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

ဇောင်၏ အလုပ်မှာ သဘာဝပေါက်ပင်များကို ဖယ်ရှားပြီး တောင်များအတွင်း အပေါက်များ တူးရန်ဖြစ်သည်။ ထို့နောက် အပေါက်များအတွင်း အမိုနီယမ်ဆာလဖိတ်ပျော်ရည်ကို ထိုးသွင်းလိုက်သည့်အခါ မြေကြီးသည် အရည်ပျော်သွားသည်။ ဓာတုပစ္စည်းများ တောင်နံရံများရှိ အပေါက်များမှ ယိုစီးလာသည့်အခါ ပျော်ရည်အား အပြာရောင်တောက်တောက် ပျော်ရည်စုဆောင်းသည့် ကန်များအတွင်းသို့ စစ်ထုတ်ပြီး သတ္တုများကို မူလနေရာတွင် အရည်ဖျော်စစ်ထုတ်သည့် လုပ်ငန်းစဉ်တစ်ခုဖြင့် သတ္တုများကို ထုတ်ယူသည်။

တောင်တစ်လုံးမှ သတ္တုများ စစ်ထုတ်ပြီးသည့်အခါ ဇောင် နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ညစ်ညမ်း နေသည့် လုပ်ကွက်ကို စွန့်ပစ်ကာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းပြီး အစမှတစ်ဖန် ပြန်လည်လုပ်ဆောင် ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ တောင်တန်းများကို ထွင်းဖောက်နေသည့် မြေရှားသတ္တုတွင်းများမှ မြင်ကွင်းတစ်ခု။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

“ကျွန်တော့်အမြင်အရတော့ ဒီတောင်တွေက တစ်နေ့ကျိန်းသေ‌ပေါက်ပြိုကြမှာပဲ။” ဟု တောင်ပြိုမှုများ ဖြစ်ပွား နိုင်သည့် အန္တရာယ်ကို ရည်ညွှန်း၍ ဇောင်က Global Witness ထံ ပြောကြားသည်။

ဝင်ငွေကောင်းစွာ ရရှိသော်လည်း ဇောင်သည် ဓာတုပစ္စည်းများကြောင့် ရေမှ ထိခိုက်မှုများဖြစ်ပွားစေမှု နှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိသည်။

“အနီးအနားမှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့သူတွေအတွက် သောက်ရေရဖို့ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေကြရပါတယ်။” ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့လို ကျန်းမာတဲ့သူတွေတောင် အဲဒီ အနံ့တွေကို အကြာကြီး ရှုမိရင် ခေါင်းမူးတယ်။”

ဇောင်ရပ်နေသည့် အောက်ရှိ တောင်များတွင် လေးလံသည့် မြေရှားသတ္တုဒြပ်စင်များအနက် တန်ဖိုးအမြင့်ဆုံး ဒိုင်စပရိုဆီယမ် နှင့် တာဘီယမ် သတ္တုဒြပ်စင် နှစ်မျိုးတို့ ကြွယ်ဝစွာရှိနေသည်။ လုပ်ငန်းအတွင်းရှိ ကျွမ်းကျင် ပညာရှင်တစ်ဦးက “အခြေခံအားဖြင့် အစားထိုး၍ မရနိုင်” ဟု ဖော်ပြထားသည့် အဆိုပါ သတ္တုဒြပ်စင်များအား ဤအကြောင်းအရာကို ဖတ်ရှုရန် သင်အသုံးပြုနေသည့် စမတ်ဖုန်းမှစ၍ သင့်နေအိမ်ရှိ စွမ်းအင်ခြွေတာသည့် အီလက်ထရွန်နစ်ပစ္စည်းများအထိ သန့်ရှင်းသော စွမ်းအင် နှင့် စမတ်နည်းပညာထုတ်ကုန် အမျိုးမျိုးတို့အတွက် မှီခိုအားထားနေရသည်။

သို့ရာတွင် ၎င်းတို့၏ တန်ဖိုး၏ ၉၀% ကို ကိုယ်စားပြုသည့် အဓိက အသုံးပြုရာနေရာသည် လျှပ်စစ်ယာဉ်များ နှင့် လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များအတွက် မော်တာများ နှင့် ဂျင်နရေတာများ ထုတ်လုပ်ရန် လိုအပ်သည့် အမြဲတမ်းသံလိုက်များတွင် ဖြစ်ပါသည်။

စွန့်စားရမှုများသည် အလွန်မြင့်မားပါသည် - အဆိုပါ ထုတ်ကုန်များမရှိဘဲ ကာဗွန်နည်းပါးသည့် အနာဂတ် တစ်ခုကို တည်ဆောက်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်မည်ဖြစ်ပြီး လေးလံသော မြေရှားသတ္တုဒြပ်စင်များ မပါဝင်ပါက ၎င်းတို့အများစုသည် ကောင်းစွာလည်ပတ်နိုင်မည်မဟုတ်ပေ။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဤသို့ဝေးလံသည့် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဒေသတွင် သတ္တုတွင်း အရေအတွက် အနည်းငယ်မျှသာ ရှိခဲ့သော်လည်း

ယခုအခါတွင်မူ ၎င်းတို့သည် စင်္ကာပူနိုင်ငံ၏ အရွယ်အစားမျှရှိသော ဒေသအတွင်း ပြန့်ကျဲတည်ရှိနေပါသည်။

၂၀၂၂ ခုနှစ် မတ်လတွင် Global Witness သည် အဆိုပါဒေသကို ဖြတ်ကျော်၍ ဂြိုဟ်တုတစ်လုံးကို ပျံသန်းစေရန် Remote Sensing နည်းပညာကုမ္ပဏီ Planet အား လုပ်ငန်းအပ်နှံခဲ့ရာ

သီးခြားတည်နေရာ ၃၀၀ နီးပါးတွင် သတ္တုတူးဖော်မှုအတွက် သတ္တုပျော်ရည် စုဆောင်းသည့်ကန်ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရှိခဲ့ရသည်။

တရုတ်နိုင်ငံသည် အဆိပ်အတောက်ဖြစ်စေသည့် လုပ်ငန်းတစ်ခုကို ပြင်ပတွင် လုပ်ဆောင်၊ ရယူနေသည်။permalink

ဤသို့သော တူးဖော်မှုအမျိုးအစားဖြင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများသည် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံသို့ ပျံ့နှံ့သွားခဲ့သည်။

— Ryan Castilloux, Adamas Intelligence

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုတူးဖော်ရေးကဏ္ဍကို ၁၉၈၀ ပြည့်နှစ်များကတည်းက ထိန်းချုပ်ထားခဲ့သည်။ သို့ရာတွင် ၎င်း၏ ပြည်တွင်းရှိ တူးဖော်ရေးလုပ်ငန်း တဟုန်ထိုး တိုးတက်လာခဲ့သည်နှင့် အမျှ အက်ကြောင်းများ စတင်ပေါ်ပေါက်လာခဲ့သည် - တရားမဝင်တူးဖော်မှုများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများဖြစ်လာခဲ့ကာ တစ်စတစ်စလျော့ပါးလာသည့် သယံဇာတများ၊ အထူးသဖြင့် လေးလံသော မြေရှားသတ္တုဒြပ်စင်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိလာခဲ့ သည်။ ၂၀၁၆ ခုနှစ်မှ စတင်ကာ ဗဟိုအစိုးရသည် လုပ်ငန်းကို ရှင်းလင်းဖယ်ရှားရန် အားထုတ်မှုများကို အင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့ပြီး တရုတ်နိုင်ငံ၏ “မြေရှားသတ္တုတိုင်းပြည်” ဟု လူသိများသည့် ကျန်ရှီးပြည်နယ်၊ ကွမ်ကျိုးမြို့ရှိ လေးလံသော မြေရှားသတ္တုဒြပ်စင်လုပ်ကွက်များစွာတို့ကို ပိတ်သိမ်းခဲ့သည်။

မြေရှားသတ္တုလုပ်ငန်းအား ရေရှည်တည်တံ့သည့် နည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုက်တွန်းအားပေးသည့် အစိုးရဆိုင်းဘုတ်တစ်ခုအား တရုတ်နိုင်ငံ၊ ကျန်ရှီးပြည်နယ်၌ ၂၀၁၀ ခုနှစ်တွင် တွေ့မြင်ရပုံ။ အရင်းအမြစ်

မြေရှားသတ္တုလုပ်ငန်းအား ရေရှည်တည်တံ့သည့် နည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုက်တွန်းအားပေးသည့် အစိုးရဆိုင်းဘုတ်တစ်ခုအား တရုတ်နိုင်ငံ၊ ကျန်ရှီးပြည်နယ်၌ ၂၀၁၀ ခုနှစ်တွင် တွေ့မြင်ရပုံ။ အရင်းအမြစ် - Adam Dean/Panos Pictures

ထို့ကြောင့် တရုတ်အစိုးရပိုင် လုပ်ငန်းများသည် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်သို့ ဆက်လက်တင်သွင်းနိုင်စေရေး အတွက် ကုန်ကြမ်းပစ္စည်းများ ရယူနိုင်မည့် အရင်းအမြစ်သစ်များ လိုအပ်လာခဲ့သည်။ ယင်းတို့သည် ကျန်ရှီး တွင်ကဲ့သို့ အလားတူ ကြွယ်ဝသည့် မြေရှားသတ္တုသိုက်များရှိနေသည့် အိမ်နီးချင်းမြန်မာနိုင်ငံသို့ လှည့်လာခဲ့ သည်။

ထောင်ပေါင်းများစွာသော လူများသည် လုပ်ကွက်သစ်များ ဖော်ဆောင်ရန် နှင့် ၎င်းတို့တွင် လုပ်ကိုင်ရန် စိမ့်ဝင် နိုင်သော နယ်စပ်ကို ဖြတ်သန်းလာခဲ့ကြသည်။ လူသုံးကုန်များဆိုင်ရာ သုတေသန ကုမ္ပဏီတစ်ခုဖြစ်သည့် Roskill ၏ အစီရင်ခံစာတစ်စောင်တွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အကြား မြေရှားသတ္တုများ တူးဖော်ရန် ကွမ်ကျိုးမှ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာသူဦးရေ ၁၆၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းဖော်ပြထားသည်။

Two people stand by a wooden structure
Work permit

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေးနယ်မြေအတွင်းရှိ တရုတ်နိုင်ငံ ကျန်ရှိးပြည်နယ်မှ လျှပ်စစ်ကျွမ်းကျင်သူတစ်ဦး (ဝဲဘက်) နှင့် ၎င်း၏ အလုပ်လုပ်ကိုင်ခွင့် (ယာဘက်)။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

Workers operate Chinese-made machinery at a rare earth mine in Myanmar's Kachin State

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခုရှိ တရုတ်နိုင်ငံထုတ် စက်ယန္တယားများကို မောင်းနှင်နေကြသည့် လုပ်သားများ။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

အဆိုပါ လုပ်ငန်းများအား မြန်မာနိုင်ငံအတွင်း တည်ထောင်ရန်အတွက် တရုတ်အစိုးရ ပါဝင်သော အဖွဲ့အစည်းများမှ အတိုင်းအတာတစ်ခုအထိ ငွေကြေးထောက်ပံ့ထားကြောင်း သတင်း ပေးပို့ချက်များ ရှိပါသည်။ ၎င်းတို့အနေဖြင့် လက်အောက်ခံကုမ္ပဏီတစ်ခုကို စေလွှတ်ပြီး အဆိုပါ လမ်းကြောင်းများကို ဖော်ဆောင်စေကာ သီးခြားကုမ္ပဏီတစ်ခု တည်ထောင်၍ ယင်းမှတဆင့် လုပ်ငန်း ဆောင်ရွက်ကြခြင်း ဖြစ်နိုင်ပါသည်။

— မြေရှားသတ္တုထုတ်လုပ်ရေးလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး

Global Witness ၏ ၂၀၁၈ ခုနှစ်အတွင်း ဒေသခံများအပေါ် စစ်တမ်းကောက်ယူမှုတစ်ခုအရ လုပ်ကွက် တစ်ကွက်လျှင် လုပ်သား ၃၀ မှ ၁၀၀ အကြားရှိပြီး ထက်ဝက်နီးပါးတို့မှာ တရုတ်လူမျိုး လုပ်သားများ ဖြစ်ကြ သည်။ တရုတ်လူမျိုး လုပ်သားများသည် ကျွမ်းကျင်ပညာရှင် အခန်းကဏ္ဍများ ရရှိထားကြပြီး ကလေးသူငယ် များအပါအဝင် မြန်မာလုပ်သားများမှာမူ အလုပ်ကြမ်းအများစုတို့ကို လုပ်ကိုင်ကြရသည်ဟု အရင်းအမြစ် များစွာတို့က Global Witness ထံ သတင်းပေးပို့ပါသည်။

အသုံးပြုသည့် တူးဖော်ရေး နည်းလမ်းသည် ကျန်ရှီးတွင်နှင့် အတူတူပင်ဖြစ်ပြီး အဆိုပါ လုပ်ကွက်များသည် ကမ္ဘာပေါ်ရှိ မြေရှားသတ္တုသန့်စင်ထုတ်လုပ်ရေးလုပ်ငန်းများ၏ ၈၀% ကို ထိန်းချုပ်ထားသည့် တရုတ်အစိုးရပိုင် ကုမ္ပဏီများသို့ပင် တင်သွင်းနေဆဲဖြစ်သည်။

လူသုံးကုန်များဆိုင်ရာ သုတေသန ကုမ္ပဏီတစ်ခုဖြစ်သည့် Roskill က ၎င်း၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလ အတွက် အစီရင်ခံစာတစ်စောင်တွင် ရေးသားဖော်ပြခဲ့သည့်အတိုင်းပင် - “ပေါ့ပါးသော မြေရှားသတ္တုဒြပ်စင် များကို အဓိကထားသည့် လုပ်ငန်းများမှလွဲ၍ တရုတ်အစိုးရပိုင် လုပ်ငန်းများ (SOE များ) အားလုံးသည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ အရင်းအမြစ်များအပေါ် မှီခိုလာခဲ့ပြီး ယခုအခါတွင် အစားထိုးရွေးချယ်စရာ တင်သွင်းသူမရှိသဖြင့် ထုတ်လုပ်ရေးလမ်းကြောင်းဆိုင်ရာ အဆိုးကြုံနိုင်ခြေများကို ရင်ဆိုင်နေရသည််။”

လက်နက်ကိုင်အဖွဲ့များနှင့် လျှို့ဝှက်အပေးအယူများpermalink

သို့ရာတွင် စီးပွားရေးသမားများသည် မြန်မာနိုင်ငံ၏ ဗဟိုအစိုးရထံ သတ္တုတူးဖော်ခွင့် လျှောက်ထားရမည့်အစား ကချင်အထူးဒေသ ၁ ကို ထိန်းချုပ်ထားသည့် ပြည်သူ့စစ်အဖွဲ့များနှင့် လျှို့ဝှက်အပေးအယူများ ညှိနှိုင်းခဲ့ ကြသည်။

အဆိုပါ ဒေသအား မြန်မာစစ်တပ်၏ အဆင့်ဆင့်ကွပ်ကဲမှုအောက်တွင် ပါဝင်သော ပြည်သူ့စစ်အဖွဲ့များကို ထိန်းချုပ်သည့် အသက်အရွယ်ကြီးရင့်လာသော စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဇခုန်တိန့်ယိန်း နှင့် ဇောင်၏ သူဌေးဦးဆောင်သော ပြည်သူ့စစ်အဖွဲ့အပါအဝင် စစ်တပ် လက်အောက်ခံ အခြားပြည်သူ့စစ်အဖွဲ့များက ကံကျွေးချစနစ်ဖြင့် လည်ပတ်အုပ်ချုပ်ကြသည်။

မြေရှားသတ္တုတူးဖော်မှုမှ ဝင်ငွေများအား ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှစတင်ကာ ပိုမိုပြင်းထန်လာခဲ့သည့် စစ်တပ်၏ အရပ်သားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို ငွေကြေးပံ့ပိုးရန် အသုံးပြုလျက်ရှိနေနိုင်သည့် အဆိုးကြုံနိုင်ခြေ မြင့်မားစွာ ရှိနေပါသည်။ ယင်းသည် အသစ်အဆန်းတစ်ခုမဟုတ်ပေ။ မြန်မာစစ်တပ်သည် ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ကျောက်စိမ်း၊ ကျောက်မျက်ရတနာ နှင့် သစ်လုပ်ငန်းများအပါအဝင် တိုင်းပြည်၏ ပေါကြွယ်ဝသည့် သဘာဝသယံဇာတများကို ခိုးဝှက်လုယက်ကာ မိမိကိုယ်မိမိ ဆယ်စုနှစ်များစွာ ငွေကြေးပံ့ပိုးလာခဲ့ပါသည်။

ဤလုပ်ငန်းသည် စစ်အစိုးရကို ငွေကြေးပံ့ပိုးနေကြောင်း သိရှိနားလည်သဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အဝေးရောက်အစိုးရသည် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းများ အားလုံးကို တရားမဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

Zakhung Ting Ying attends a conference in Kachin state special region 1 in 2006

ဇခုန်တိန့်ယိန်းသည် ၎င်း၏ အာဏာကို အသုံးချကာ အံ့အားသင့်ဖွယ် ကြွယ်ဝ ချမ်းသာလာခဲ့ပြီး သစ်ခိုးထုတ်ခြင်းမှ ဘိန်းစိုက်ပျိုးခြင်းအထိ ကျယ်ပြန့်သည့် တရားမဝင် စီးပွားရေး လုပ်ငန်းများကို ကြီးကြပ်လျက်ရှိသည်။

ကချင်အထူးဒေသ ၁ ၏ မြို့တော် ပန်ဝါတွင် ၂၀၀၆ ခုနှစ် မတ်လ၌ တရုတ်အကောက်ခွန်ရုံးကို ဖြတ်ကျော်ရန် စောင့်ဆိုင်းနေကြသည့် သစ်လုံးများ သယ်ဆောင်လာသော ကုန်တင်ကားများ။ အရင်းအမြစ် - China Photos/Getty Images

အဲ့ဒီခေါင်းဆောင်တွေမှာ နောင်လာမယ့် သားစဉ်မြေးဆက်အထိ သုံးလို့မကုန်အောင် ပိုက်ဆံတွေအများကြီးရှိကြတယ်။

— ဒေသခံကျေးရွာအကြီးအကဲ

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း မြေရှားသတ္တုကုန်သွယ်မှုမှ ငွေကြေးပမာဏ အမြောက်အမြားသည် ဇခုန်တိန့်ယိန်း၏ နယ်မြေအတွင်းသို့ အလုံးအရင်း ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ၎င်း၏ မိသားစု နှင့် အခြားသော ပြည်သူ့စစ်ခေါင်းဆောင်များနှင့်အတူ ဤလုပ်ငန်း၏ အဓိကပွဲစားဖြစ်လာခဲ့သည်။ ၎င်းတို့သည် ဇောင် အလုပ်လုပ်ကိုင်ရာ ကုမ္ပဏီအပါအဝင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ၏ ကွန်ရက် တစ်ခုကို ထိန်းချုပ်ထားသည်။ အဆိုပါ ကုမ္ပဏီများအား ပြည်တွင်း စီးပွားရေးလုပ်ငန်းများအဖြစ် မှတ်ပုံတင် ထားသော်လည်း ၎င်းတို့သည် တရားမဝင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအတွက် အယောင်ပြမျှသာဖြစ်ပြီး အကျိုးအမြတ်၏ ပမာဏတစ်ခုကို ရယူသည်။

ကုန်သွယ်မှုများသည် စံချိန်တင် မြင့်တက်လာခဲ့သည်

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၀၀ သန်း တန်ဖိုးရှိသည့် မြေရှားသတ္တုများကို တင်သွင်းခဲ့သည်

Source: GACC

အသေးစားနှင့် အလတ်စားအတိုင်းအတာဖြင့် သတ္တုတူးဖော်မှုများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် မြန်မာ နိုင်ငံ ဥပဒေအရ တရားမဝင်ပေ။ ကုမ္ပဏီများအနေဖြင့် ဗဟိုအစိုးရထံမှ ကင်းလွတ်ခွင့်ကို လျှောက်ထားနိုင် သော်လည်း ထိုသို့ထုတ်ပေးထားခြင်းမရှိသေးပေ။ မည်သို့ပင်ဆိုစေကာမူ ဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့ များသည် ဒေသခံများထံမှ သိမ်းယူထားလေ့ရှိသော လယ်ယာမြေများပေါ်တွင် ကုမ္ပဏီများကို တူးဖော်ခွင့် ပြုထားပြီး လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများကို ကျော်လွှားကာ တရုတ်လူမျိုးတူးဖော်ရေး လုပ်သားများ အတွက် တရားမဝင် ခွင့်ပြုချက်များ ထုတ်ပေးကြသည်။

တရုတ်လူမျိုးတူးဖော်ရေးလုပ်သားတစ်ဦးက “တရုတ်နိုင်ငံမှာ ဥပဒေကို ငွေနဲ့ဝယ်လို့မရဘူး။ မြန်မာနိုင်ငံမှာ ကတော့ ဥပဒေကို ငွေနဲ့ဝယ်လို့ရတယ်။ ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်။” ဟု ဆိုသည်။

ပြည်သူ့စစ်အဖွဲ့များသည် ဒေသခံလုပ်သားများအား အထောက်အထားကတ်များ ထုတ်ပေးကာ သတ္တုတွင်း များတွင် လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီး သတ္တုတူးဖော်ရေးလုပ်ကွက်များသို့ ဝင်ရောက်ခွင့်အတွက် လမ်းမများပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် လာဘ်ယူမှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် နယ်စပ်ကုန်သွယ်မှုများကိုလည်း ထိန်းချုပ်ထားကြပြီး တရုတ်နိုင်ငံသို့ မြေရှားသတ္တုများ တင်ပို့မှုများအတွက် တရားမဝင်အခွန်များကောက်ခံ လျက်ရှိသည်။

အဆိပ်သင့်နေသည့် ရေ နှင့် မြေpermalink

သတ္တုတူးဖော်ရေး လုပ်ငန်းများစွာတို့ကို ဆက်လက်ပိတ်ထားဆဲဖြစ်သည့် ကျန်ရှီးတွင် လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို ရှင်းလင်းဖယ်ရှားရန် ကုန်ကျစရိတ်သည် စုစုပေါင်း ယွမ် ၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံခန့်) ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ခန့်မှန်းတွက်ချက် ခဲ့ကြသည်။ အပြည့်အဝ ပြန်လည်နာလန်ထူနိုင်ရန် နှစ်ပေါင်း ၁၀၀ ခန့်အထိ ကြာမြင့်နိုင်သည်ဟု ခန့်မှန်း ထားပါသည်။

ဗီဒီယို - Zuk Lang ချောင်းနံဘေးတွင် မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများမှ တန်းစီစွန့်ပစ်ထားသည့် ပိုက်များ။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

တရားမဝင် တူးဖော်ထုတ်လုပ်ပြီး လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားကာ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် လှုပ်ရှားဆောင်ရွက်ရန် အန္တရာယ်ရှိနေသည့် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ကို မည်သူကမျှ တွက်ချက်တိုင်းတာမှု မရှိကြပေ။ တူးဖော်ရေးလုပ်ငန်းများသည် အရွယ်အစား ချဲ့လာလျက် ရှိရာ ထိုသို့ တွက်ချက်တိုင်းတာရန် ဖြစ်နိုင်မည်မဟုတ်ပေ။

သတ္တုတွင်းများသည် မြန်မာနိုင်ငံ၏ အဓိကရေအရင်းအမြစ်၏ ထိပ်ပိုင်းတွင်တည်ရှိသည်။

ဒေသဆိုင်ရာ ဂေဟစနစ်များ၊ အသက်မွေးဝမ်းကျောင်းမှုများ နှင့် ဘေးကင်းသည့် သောက်သုံးရေ ရရှိရေး တို့အပေါ် သတ္တုတူးဖော်မှု၏ သက်ရောက်မှုများကြောင့် အကြီးအကျယ် ထိခိုက်မှုများ ဖြစ်စေကြောင်း ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှုအရ တွေ့မြင်ရသည်။ တောင်များပြိုကျနိုင်သည်ဟူသော ဇောင်၏ စိုးရိမ်ပူပန်မှု သည် ခိုင်လုံမှုရှိပါသည်။ တရုတ်နိုင်ငံ ကွမ်ကျိုးတွင် မြေပြိုမှုပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု တင်ပြမှုများ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုကြောင့် မြေဆီလွှာ တိုက်စားမှု နှင့် ဓာတုပစ္စည်း ညစ်ညမ်းမှု တို့သည်လည်း ဂေဟစနစ်များကို ထိခိုက်စေခဲ့ပါသည်။ ဒေသခံများအနေဖြင့် မြန်မာနိုင်ငံ၏ အရေးအပါဆုံးသော မြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်၏ လက်တက်တစ်ခု ဖြစ်သည့် မေခမြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်လျက်ရှိသည့် သတ္တုတူးဖော်သည့် နယ်မြေမှ အန္တရာယ်ဖြစ်စေ သော စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်လျက်ရှိသည်။ ဧရာဝတီမြစ်ဝှမ်းဒေသသည် ၅၄ သန်းခန့်ရှိသော မြန်မာနိုင်ငံရှိ လူဦးရေ၏ သုံးပုံနှစ်ပုံတို့၏ ဌာနေဖြစ်သည်။

တရုတ်နိုင်ငံတွင် ကျန်ရှီးပြည်နယ်သည် ဟောင်ကောင်အထိ ရေစုန်တွင် နေထိုင်ကြသည့် သန်းပေါင်းများစွာ သော တရုတ်လူမျိုးများအတွက် အရေးပါသည့် သောက်ရေအရင်းအမြစ်များဖြစ်သော မြစ်နှစ်စင်းတို့ မြစ်ဖျားခံရာဒေသဖြစ်သကဲ့သို့ပင် ညစ်ညမ်းမှုများ ပျံ့နှံ့သွားနိုင်သည်ကို စိုးရိမ်ပူပန်မှုများရှိနေသည်။

တရုတ်နိုင်ငံတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်များအနီး သတ္တုများကို မူလနေရာတွင် အရည်ဖျော် စစ်ထုတ်ခြင်းကြောင့် အရိုးပွရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါများ နှင့် အစာအိမ်အူလမ်းကြောင်း၊ အရည်ပြား နှင့် မျက်စိပြဿနာများအပါအဝင် ကျန်းမာရေးပြဿနာ အမြောက်အမြားတို့ကို တွေ့ရှိရသည်ဟု တင်ပြမှုများ ရှိပါသည်။

အားလုံးအန္တရာယ်ဖြစ်မှာကို စိုးရိမ်နေကြရတယ်။

— ရပ်ရွာလူကြီးတစ်ဦး

၂၀၁၈ ခုနှစ်အတွင်း ဒေသခံများကို စစ်တမ်းကောက်ယူချက်အရ မြန်မာနိုင်ငံရှိ သတ္တုတွင်းများအနီးတွင် နေထိုင်ကြသည့် ပြည်သူများသည် အဆိုပါ လက္ခဏာများကို စတင်ခံစားလာကြရပြီဖြစ်သည်။ “ရွာသားတွေ မြစ်ကို ဖြတ်တဲ့အခါ ခြေထောက်တွေ ယားလာတယ်။ ဒဏ်ရာရှိရင် ပိုဆိုးလာတယ်။” ဟု စစ်တမ်းအရ တွေ့ရှိရသည်။

ဒေသခံများသည် ဒေသတွင်းရှိ မြစ်များအတွင်း ငါးမျှားခြင်း၊ ရေကူးခြင်း သို့မဟုတ် အဝတ်လျှော်ခြင်းတို့ကို မပြုလုပ်ကြတော့ကြောင်း နှင့် ၎င်းတို့၏ မွေးမြူရေးတိရစ္ဆာန်များအပါအဝင် တိရစ္ဆာန်များသည် အဆိပ်ဖြစ်စေ သော ရေကြောင့် အဆိပ်သင့်နေကြကြောင်း စစ်တမ်းတစ်ခုတွင် ပြောပြခဲ့ကြသည်။

တောင်များတွင် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝပြီး အနီရောင်ပန်ဒါများ နှင့် မျောက်လွှဲကျော်များအပါအဝင် ဒါဇင်နှင့်ချီသော ရှားပါးပြီး မျိုးတုန်းနိုင်သည့် အန္တရာယ်ရှိနေသော အပင် နှင့် တိရစ္ဆာန်မျိုးစိတ်များ၏ ဌာနေ တစ်ခုလည်း ဖြစ်သောကြောင့် အထူးစိုးရိမ်ပူပန်ဖွယ်ဖြစ်ပါသည်။

“အခုဆိုရင် တောထဲမှာ ငှက်တွေ၊ တိရစ္ဆာန်တွေ မရှိတော့ဘူး” ဟု ဒေသဆိုင်ရာ ကိုယ်စာလှယ်တစ်ဦးက Global Witness ထံပြောကြားခဲ့သည်။ အခြားသောဒေသခံများသည်လည်း ထိုသို့သော မှတ်ချက်များကို ပေးခဲ့ကြသည်။ “မြစ်ချောင်းတွေထဲမှာ ငါးတွေမရှိတော့ဘူး” ဟု အခြားဒေသခံတစ်ဦးကဆိုသည်။ “တောရိုင်း တိရစ္ဆာန်တွေ မရှိကြတော့ဘူး။”

သတ္တုတူးဖော်မှုများအနီးတွင် စိုက်ပျိုးထားသည့် သီးနှံများသည်လည်း ညစ်ညမ်းနေကြသည်ဟု ဒေသခံများက ဆိုကြပြီး ရှောက်ကော၊ ချဉ်စော်ကားသီး၊ လိမ္မော်သီး နှင့် သစ်ကြားသီးများ ဝယ်ယူလေ့ရှိခဲ့သည့် တရုတ် ကုန်သည်များသည်လည်း ယခုအခါတွင် ဒေသထုတ်ကုန်များကို ဝယ်ယူရန် ငြင်းဆန်ကြသည်။

“မြေယာ နဲ့ ပြည်သူတွေအားလုံး ပျက်စီးကုန်ကြပြီ။” ဟု ရပ်ရွာခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။ “ဘိုးဘွားတွေလက်ထက်ကတည်းက နေထိုင်ခဲ့ကြတဲ့ ဒေသခံတွေအတွက် သူတို့မြေမှာ သူစိမ်းတွေ ဖြစ်လာခဲ့ကြပြီ။”

အကြမ်းဖက် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရသော ဒေသခံပြည်သူများpermalink

ပြည်သူများစွာတို့သည် လက်စားချေခံရမည်ကို ကြောက်ရွံ့ကြသဖြင့် သတ္တုတူးဖော်မှုကို ဆန့်ကျင်၍ ပြောဆိုရန် စိုးရိမ်ပူပန်လျက်ရှိကြသည်။ “ဘိုးဘွားလက်ထက်ထဲက မြေယာတွေကို ဘယ်သူမှ လက်မလွှတ်ချင် ပေမယ့် ငြင်းရင် အသတ်ခံရနိုင်တယ်။” ဟု ကချင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခု၏ ကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

ထိုသို့ အန္တရာယ်များရှိနေသော်လည်း ဒေသခံခေါင်းဆောင်များ ပါဝင်သည့် အုပ်စုတစ်စုသည် ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ စာရေးသားပေးပို့ခဲ့ပြီး တိုင်းမှူးအနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် နှင့် ၎င်းတို့၏ ကျေးရွာများအတွင်းသို့ သတ္တုတူးဖော်မှုလုပ်ငန်းများ တိုးချဲ့လာခြင်း ကို တားဆီးပေးရန် တောင်းဆိုခဲ့ကြသည်။ ကျေးရွာကိုယ်စားလှယ်များအား ဒေသခံ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့မှ အစည်းအဝေးခေါ်ယူကာ မြေယာများကို စွန့်လွှတ်ရန် ငြင်းဆန်ပါက ပစ်သတ်ခံရမည်ဟု ခြိမ်းခြောက်ခဲ့ ပြီးနောက် ထိုသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကျေးရွာသားများမှ မြန်မာစစ်တပ်ထံပေးပို့သည့် ကန့်ကွက်စာ။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

ကျေးရွာသားများမှ မြန်မာစစ်တပ်ထံပေးပို့သည့် ကန့်ကွက်စာ။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

ခင်ဗျားတို့ လူကြီးတွေ ဒီကိစ္စကို ရှင်း။ မဟုတ်ရင် အခုကစပြီး သေနတ်နဲ့ ပစ်သတ်ရတော့မယ်။ ကျုပ်ကို လျော့မတွက်နဲ့။ ကျုပ်ကလေးမဟုတ်ဘူး။ ဒါကလေးကစားစရာ မဟုတ်ဘူး။

— ပြည်သူ့စစ်ခေါင်းဆောင် ဂလောယိန်းခေါ

ကျွန်ုပ်တို့အနေဖြင့် အဆိုပါ စာကို ရေးသားခဲ့ကြသည့် ရပ်ရွာခေါင်းဆောင်များနှင့် စကားပြောဆိုခဲ့ရာတွင် အကယ်၍ သတ္တုတွင်းသစ်များ တည်ဆောက်ပါက ၎င်းတို့အနေဖြင့် အရာအားလုံးကို ဆုံးရှုံးရမည်ဖြစ်သဖြင့် ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ဆက်လက်၍ ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်သည်ဟု ၎င်းတို့က ဆိုခဲ့ကြ သည်။

“မြေရှားသတ္တုကုမ္ပဏီတွေ ဝင်လာရင် အားလုံး ဒုက္ခရောက်ပြီး အန္တရာယ်ရှိတယ်။” ဟု တစ်ဦးက ဆိုခဲ့သည်။

“တခြားဒေသတွေမှာ ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရပြီးပြီ။ ကျွန်တော်တို့ဆီမှာ အဲဒါမျိုးဖြစ်ရင် ကျွန်တော်တို့ စိုက်ပျိုးထားတာတွေကို ရောင်းလို့ရတော့မှာ မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ကို သတ်တာနဲ့ အတူတူပဲ။” ဟု နောက်ထပ်တစ်ဦးက ထပ်ဆောင်းပြောကြားခဲ့သည်။

စိမ်းလန်းသော အကူးအပြောင်း၏ အမှောင်ခြမ်းpermalink

စိုးရိမ်စရာကောင်းသည့် အမှန်တရားမှာ အဆိုပါ အလွဲသုံးစားမှုများကို မီးလောင်ရာလေပင့်ဖြစ်စေသည့် ငွေကြေးများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးချဲ့ရန် ကမ္ဘာလုံးဆိုင်ရာ တွန်းတိုက်လုပ်ဆောင်မှုမှ စတင်မြစ်ဖျားခံလာခြင်းဖြစ်သည်။

သံလိုက်ထုတ်လုပ်ရေးအတွက် မြေရှားသတ္တုဒြပ်စင်များ လိုအပ်ချက်သည် ၂၀၃၅ ခုနှစ်တွင် ၃ ဆ ဖြစ်လာမည်ဖြစ်သဖြင့် ဇခုန်တိန့်ယိန်း နှင့် ၎င်း၏ ပြည်သူ့စစ်များ၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုအတွက် မကြုံစဖူးအထောက်အပံ့များဖြစ်လာမည် ဖြစ်သောကြောင့် ကချင်အထူးဒေသ ၁ ရှိ တူးဖော်မှုများကို ဆန့်ကျင်ပြောဆိုသည့် ကျေးရွာသားများအတွက် အောင်မြင်နိုင်မည့် အခွင့်အလမ်းမှာ အလွန်နည်းပါးပါသည်။ လက်ရှိတွင် သန့်ရှင်းသည့် စွမ်းအင်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ အကူးအပြောင်း သည် မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်မှုအပေါ် မူတည်နေပါသည်။

မြေရှားသတ္တုလုပ်ကွက်တစ်ခုသို့ အမိုနီယမ်ဆာလဖိတ် လာရောက်ပို့ဆောင်သည့် ကုန်တင်ကားတစ်စီး။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

မြေရှားသတ္တုလုပ်ကွက်တစ်ခုသို့ အမိုနီယမ်ဆာလဖိတ် လာရောက်ပို့ဆောင်သည့် ကုန်တင်ကားတစ်စီး။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

လုပ်ကွက်တစ်ခုတွင် တရုတ်နိုင်ငံသို့ မတင်ပို့မီ သန့်စင်ရန် ပုံထားသည့် မြေရှားသတ္တုအိတ်များ။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

လုပ်ကွက်တစ်ခုတွင် တရုတ်နိုင်ငံသို့ မတင်ပို့မီ သန့်စင်ရန် ပုံထားသည့် မြေရှားသတ္တုအိတ်များ။ အရင်းအမြစ် - Global Witness ထံပေးပို့လာသည့်ပုံ။

မြန်မာနိုင်ငံတွင် တူးဖော်ခဲ့သည့် လေးလံသော မြေရှားသတ္တုဒြပ်စင်အားလုံးတို့အား တရုတ်နိုင်ငံသို့ တင်ပို့ သည်။ တရုတ်နိုင်ငံတွင် မြေရှားသတ္တုလုပ်ငန်းအား သတ္တုတူးဖော်ရေး နှင့် စီမံပြုပြင်ရေးတို့နှင့်ပတ်သက်၍ လက်ဝါးကြီးအုပ်ထားသည့် အစိုးရပိုင် ကုမ္ပဏီ ၅ ခုတို့ (နှင့်တကွ ပေါ့ပါးသည့် မြေရှားသတ္တုဒြပ်စင်များသာ တူးဖော်သည့် ဆဌမမြောက် ကုမ္ပဏီတစ်ခု) က ထိန်းချုပ်ထားပါသည်။ ယင်းတို့အား ပေါင်းစပ်ခဲ့ပြီး သို့မဟုတ် လာမည့်နှစ်အနည်းငယ်အတွင်း အုပ်စုတစ်စုတည်းအဖြစ် ဖွဲ့စည်းရန် သတ်မှတ်ထားပြီးဖြစ်သည်။ ၎င်းတို့ အနက် အကြီးဆုံးမှာ China Southern Rare Earth Group ဖြစ်ပြီး တရားဝင် ခွင့်ပြုထားသည့် တူးဖော်မှု ခွဲတမ်းပမာဏ၏ ၄၀% ကျော်ရရှိထားသည်။

မည်သို့ပင်ဆိုစေကာမူ အဆိုပါ ကုမ္ပဏီသည် တူးဖော်မှု မည်မျှ လုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းစွာ မသိရှိ ရပေ။ တရုတ်နိုင်ငံသည် ထုတ်လုပ်ရေး ကိန်းဂဏန်းများ ကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။ တရုတ် အကောက်ခွန် အရာရှိတစ်ဦးမှ လုပ်ဆောင်ခဲ့သည့် သုတေသနတစ်ခုအရ China Southern သည် ၎င်း၏ ကုန်ကြမ်းပစ္စည်းများ၏ ၇၀% ကို မြန်မာနိုင်ငံမှ တင်သွင်းပြီး ကျန် ၃၀% ကို သုံးပြီးသားပစ္စည်းများမှ ပြန်လည် ရယူခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် China Southern ၏ ဝက်ဆိုက်၌ ၎င်း၏ မိခင်ကုမ္ပဏီ Ganzhou Rare Earth Group သည် “မြန်မာနိုင်ငံကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများမှ မြေရှားသတ္တုများ တင်သွင်းသည့် လမ်းကြောင်းတစ်ခုကို ဦးဆောင်ဖွင့်လှစ်ခဲ့ကြောင်း”၊ “ပြည်ပမှ မြေရှားသတ္တုအရင်းအမြစ် ဝင်ငွေ ၅၀% ကျော်ရရှိခဲ့ကြောင်း” နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများအရ Ganzhou ၏ မြေရှားသတ္တုတွင်း များကို ပိတ်ထားခဲ့ပြီးနောက် “မြေရှားသတ္တုအရိုင်းတုံး ၁၀၀၀၀ တန် တင်သွင်းခဲ့‌ကြောင်း” ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ အစိုးရပိုင် ကုမ္ပဏီများ နှင့် မြန်မာနိုင်ငံရှိ တရားမဝင် တူးဖော်မှုများအကြား ချိတ်ဆက်ပေးသည့် အများပြည်သူဆိုင်ရာ သတင်းအချက်အလက်မှာ အနည်းငယ်မျှသာရှိသော်လည်း အခြားသော လေးလံသည့် မြေရှားသတ္တုဒြပ်စင် စီမံထုတ်လုပ်ရေးဆိုင်ရာ အကြီးစားလုပ်ငန်းလေးခုတို့အနက် အနည်းဆုံး နှစ်ခု - China Minmetals Rare Earth Company and Guangdong Rare Earth Group - တို့မှာ မြန်မာနိုင်ငံမှ ရယူနေကြခြင်းဖြစ်ကြောင်း ညွှန်ပြနေသည့် အထောက်အထားအများအပြားကို တွေ့ရှိခဲ့သည်။

ယခုအခါတွင် မြန်မာနိုင်ငံမှ တင်သွင်းမှုများသည် တရုတ်နိုင်ငံ၏ ပြည်တွင်း တူးဖော်မှု ခွဲတမ်းများထက် ကျော်လွန်နေပြီး အကယ်၍ တရုတ်နိုင်ငံသည် ထုတ်လုပ်နိုင်စွမ်းအပြည့်အဝဖြင့် ထုတ်လုပ်နေလျှင်ပင် မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော မြေရှားသတ္တုအရင်းအမြစ်တစ်ခု ဖြစ်နေဦးမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ယင်းကို စီမံပြုပြင်ရန် အခြားခွင့်ပြုထားသည့် ကုမ္ပဏီဟူ၍ မရှိသဖြင့် ဤတင်သွင်းမှုများ ရောက်ရှိမည့် အခြားနေရာဟူ၍ မရှိပေ။

တင်သွင်းမှုများသည် ကန့်သတ်ပမာဏထက် ကျော်လွန်နေသည်

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ တင်သွင်းသည့် ပမာဏသည် လေးလံသည့် မြေရှားသတ္တုဒြပ်စင် တူးဖော်မှုများအတွက် တရုတ်နိုင်ငံ၏ ကန့်သတ်ပမာဏကို ကျော်လွန်ခဲ့သည်

Source: GACC/MIIT

ထို့ကြောင့် တရုတ်နိုင်ငံရှိ စီမံပြုပြင်ရေးလုပ်ငန်းများသာမကဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ အမြဲတမ်းသံလိုက် လုပ်ငန်းသည်လည်း ထုတ်လုပ်ရေးလမ်းကြောင်းဆိုင်ရာ အပြင်းအထန်ရိုက်ခတ်မှုများကြောင့် ထိခိုက်နိုင်ခြေ အလွန်မြင့်မားစေပါသည်။

မြန်မာနိုင်ငံသည် အလွန်အရေးပါသည့် ထုတ်လုပ်တင်သွင်းသူဖြစ်သဖြင့် အဆိုပါ လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်စွက်နိုင်ရေးအတွက် ခွဲတမ်းများကို တိုးမြှင့်ရန် အလွန်ခက်ခဲမည် ဖြစ်ပါသည်။

— Ryan Castilloux, မြေရှားသတ္တုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်

မြန်မာနိုင်ငံမှ မြေရှားသတ္တုများအား တရုတ်အစိုးရပိုင် ကုမ္ပဏီများက စီမံပြုပြင်ပြီးသည့်အခါ ထုတ်လုပ်ရေး လမ်းကြောင်းအတွင်း အမြဲတမ်း သံလိုက်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ရောက်ရှိသွားသည်။ ၎င်းတို့အနက် အကြီးမားဆုံး ကုမ္ပဏီမှာ China Southern နှင့် ကာလရှည် ကုန်ပစ္စည်းပေးသွင်းရေး သဘောတူညီချက်ဖြင့် လေးလံသော မြေရှားသတ္တုဒြပ်စင်များ ဝယ်ယူလျက်ရှိသည့် JL Mag မြေရှားသတ္တုကုမ္ပဏီ ဖြစ်ပါသည်။ JL Mag သည် ကမ္ဘာပေါ်တွင် လူသိအများဆုံး လျှပ်စစ်ယာဉ်များ၊ လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များ နှင့် အီလက်ထရွန်နစ်ပစ္စည်းများအား ထုတ်လုပ်သော လုပ်ငန်းအချို့သို့ အမြဲတမ်းသံလိုက်များ အဓိကတင်သွင်းနေသည့် ကုမ္ပဏီဖြစ်သည်။

ကျွန်ုပ်တို့အနေဖြင့် ဤစုံစမ်းဖော်ထုတ်မှုအတွင်း အမည်ဖော်ပြထားသည့် ကုမ္ပဏီများ နှင့် လူပုဂ္ဂိုလ်များ အားလုံးထံ စာရေးသားပေးပို့ခဲ့ပြီး မှတ်ချက်ပေးနိုင်ရန် အခွင့်အရေးပေးအပ်ခဲ့ရာ ၎င်းတို့အနက် ကုမ္ပဏီသုံးခု တို့က အကြောင်းပြန်ခဲ့ပါသည်။

Siemens Gamesa က မြေရှားသတ္တုတူးဖော်ခြင်းသည် “သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ ကြီးမား သည့် အန္တရာယ်ဖြစ်ပွားနိုင်ခြေများ” နှင့်ဆက်စပ်လျက်ရှိခြင်းကို ၎င်းတို့အနေဖြင့် သိရှိနားလည်ကြောင်း နှင့် ကုမ္ပဏီအနေဖြင့် ယင်း၏ ထုတ်ကုန်များအတွင်း လေးလံသည့် မြေရှားသတ္တုဒြပ်စင်များ အသုံးပြုမှုကို တဖြည်းဖြည်း အဆုံးသတ်နေခြင်းအပါအဝင် အဆိုပါ အန္တရာယ်ဖြစ်ပွားနိုင်ခြေများကို လျှော့ချရန် ကြိုးပမ်း လျက်ရှိနေကြာင်း ပြောကြားခဲ့သည်။ ယင်း၏ ကုန်ပစ္စည်းတင်သွင်းသူများထံမှ ကနဦး တုန့်ပြန်ချက်အရ ၎င်းတို့ အနေဖြင့် တရုတ်နိုင်ငံမှသာ ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရှိရသည်ဟု ဆိုခဲ့သည်။

JL Mag ထံမှ ဒိုင်စပရိုဆီယမ် နှင့် တာဘီယမ်တို့ပါဝင်သော အမြဲတမ်းသံလိုက်များ ဝယ်ယူသည့် Nidec Corporation နှင့် Robert Bosch GmbH တို့က ၎င်းတို့အနေဖြင့် သုံးပြီးသားပစ္စည်းများမှ ပြန်လည်ရယူထား သည့် မြေရှားသတ္တုများ ပါဝင်သည့် ထုတ်ကုန်များကိုသာ ဝယ်ယူခဲ့သည်ဟု ဆိုကြသည်။ China Southern သည် JL Mag ထံသို့ သုံးပြီးသား ပစ္စည်းများမှ ပြန်လည်ရယူထားသည့် မြေရှားသတ္တုများသာ ၁၀၀% ပါဝင်သည့် ထုတ်ကုန်များကို တင်သွင်းသည်ဟု Nidec က ဆိုခဲ့ပြီး ၎င်း၏ ထုတ်ကုန်များအတွက် အသုံးပြုသည့် သံလိုက်များသည် မြန်မာနိုင်ငံရှိ တူးဖော်မှုများနှင့် ဆက်နွယ်မှု မရှိဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ အသေးစိတ် ထပ်မံ စူးစမ်းလေ့လာသွားမည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။ ကျွန်ုပ်တို့၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို JL Mag မှ တုန့်ပြန်ခဲ့ခြင်းမရှိပေ။

အကယ်၍ ကုမ္ပဏီများအနေဖြင့် သုံးပြီးသားပစ္စည်းများမှ ပြန်လည်ရယူထားသည့် မြေရှားသတ္တု ထုတ်ကုန်များ ကိုသာ ဝယ်ယူနေခြင်းဖြစ်နေစေကာမူ အရင်းအမြစ်အမျိုးမျိုးတို့မှ ကုန်ကြမ်းများကို စီမံပြုပြင်ရာတွင် ရောနှော မှုများရှိသည့်အတွက် အဆိုပါ ထုတ်ကုန်များတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် လေးလံသော မြေရှားသတ္တု များဖြင့် “ညစ်ညမ်း” နေနိုင်သည့် အဆိုးကြုံနိုင်ခြေတစ်ခု ရှိနေကြောင်း မြေရှားသတ္တုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက Global Witness ထံပြောကြားခဲ့သည်။

“အကယ်၍ သင်သည် သံလိုက်များ၊ အထူးသဖြင့် လေးလံသော မြေရှားသတ္တုဒြပ်စင်များကို ပိုမိုမှီခိုနေသည့် အရည်အသွေးမြင့် သံလိုက်များကို ဝယ်ယူနေပါက ကုန်ကြမ်းပစ္စည်း၏ ပမာဏတစ်ခုသည် မြန်မာနိုင်ငံမှ ထွက်ရှိလာခြင်းဖြစ်နိုင်သည့် အခွင့်အလမ်းများစွာရှိနေပါသည်။” ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းရှိ Tesla အရောင်းကိုယ်စားလှယ်ဆိုင်တစ်ဆိုင်ကို လူများဖြတ်လျောက်သွားကြပုံ။ အရင်းအမြစ် - Qilai Shen/Panos Pictures

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းရှိ Tesla အရောင်းကိုယ်စားလှယ်ဆိုင်တစ်ဆိုင်ကို လူများဖြတ်လျောက်သွားကြပုံ။ အရင်းအမြစ် - Qilai Shen/Panos Pictures

အကယ်၍ မြန်မာနိုင်ငံတွင် ဥပဒေမဲ့ တူးဖော်မှုများ ဆက်လက်ဖြစ်ပွားနေပါက ပိုမိုစိမ်းလန်းသည့် အနာဂတ် တစ်ခုကို ဖော်ဆောင်နိုင်ရေးအတွက် ကျွန်ုပ်တို့၏ အားသွန်ခွန်စိုက်လုပ်ဆောင်မှုများသည် မိမိတို့၏ မြေယာ များအား လျင်မြန်စွာ တိုးချဲ့လာနေသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများထံမှ ကာကွယ်ရန် မိမိတို့၏ အသက် များကို စွန့်စားနေရသည့် ကချင်အထူးဒေသ ၁ ရှိ လူထုအသိုင်းအဝိုင်းများအတွက် ကြီးမားသည့် ထိခိုက်ဆုံးရှုံးမှု များကို ဖြစ်စေမည်ဖြစ်ပါသည်။

“ကျွန်တော်တို့ ဒီနေရာမှာ နေလာခဲ့ကြတာ နှစ်ပေါင်း ၅၀၀ လောက်ရှိပါပြီ။” ဟု ၎င်း၏ ကျေးရွာအတွင်း မြေရှား သတ္တုတူးဖော်ရေးလုပ်ငန်းများ တိုးချဲ့ဝင်ရောက်လာမှုကို ရပ်တန့်နိုင်ရန် ကြိုးပမ်းလျက်ရှိသည့် ဒေသခံတစ်ဦး က ဆိုပါသည်။ “တကယ်လို့ မြေရှားသတ္တုတူးဖော်မှုတွေ ဒီဒေသထဲကို ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေအတွက် အနာဂတ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး။ အားလုံးပျောက်ကွယ်သွားလိမ့်မယ်။”

နည်းစနစ်

ကချင်အထူးဒေသ ၁ တွင် တရားမဝင် မြေရှားသတ္တုတူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း သတင်းပေးပို့ချက်များအရ ကျွန်ုပ်တို့အနေဖြင့် ဤစုံစမ်းဖော်ထုတ်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ ပါသည်။ ဂြိုဟ်တုပုံရိပ်များအရ ဒေသတစ်ဝန်းတွင် စိမ်းပြာရောင် ရေကန်များ အချိန်တိုအတွင်း အမြောက် အမြားပေါ်ပေါက်လာကြောင်း တွေ့ရှိခဲ့ရသည်။ ကျွန်ုပ်တို့အနေဖြင့် သက်ရောက်ခံရသော ဒေသ၏ ပြောင်းလဲမှု နှုန်း နှင့် အကွာအဝေး အတိုင်းအတာတို့ကို ဆန်းစစ်ရန်အတွက် Sentinel-2 ဂြိုဟ်တုမှ ရိုက်ကူးထားသော သမိုင်းဝင် ပုံရိပ်များကို အသုံးပြုခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လတွင် ကြည်လင်ပြတ်သားမှု မြင့်မားသည့် ပုံရိပ် တစ်ခုကို ရယူရန်အတွက် Planet ၏ ဂြိုဟ်တုတစ်ခုကို တာဝန်ပေးအပ်ခဲ့သည်။ ရရှိလာသည့် ပုံရိပ်တွင် ဖော်ပြ ထားသော သတ္တုတူးဖော်ရေး လုပ်ကွက်များအားလုံးကို လူကိုယ်တိုင် စစ်ဆေးကာ ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့ကို ဤနေရာတွင် ကြည့်ရှုပါ။

တစ်ချိန်တည်းတွင် ကျွန်ုပ်တို့အနေဖြင့် မြေရှားသတ္တုလုပ်ကွက်များသို့ ကွင်းဆင်းလေ့လာရေး ခရီးစဉ်တစ်ခု သွားရောက်ခြင်း၊ သတ္တုတွင်းလုပ်သားများ၊ အစိုးရအရာရှိများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာနယ်ဇင်းသမားများ နှင့် ကချင်ပြည်နယ်ရှိ ရပ်ရွာခေါင်းဆောင်များအပါအဝင် အရင်းအမြစ် ၅၀ ကျော်တို့ကို တွေ့ဆုံမေးမြန်းခြင်း နှင့် စာအပေးအယူဖြင့် ဆက်သွယ်မေးမြန်းခြင်းတို့ ဖြင့်လည်း သတင်းအချက်အလက်များ စုဆောင်းရယူခဲ့ပါသည်။ ထို့ပြင် ထုတ်ကုန်များအတွင်း မြေရှားသတ္တု ဒြပ်စင်များကို အသုံးပြုသည့် ကုမ္ပဏီများအပါအဝင် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များ နှင့် အခြားသော အကျိုးစီးပွားပတ်သက်ဆက်နွယ်သူများကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်မှု အန္တရာယ်များ မြင့်မားနေခြင်းကြောင့် ကျွန်ုပ်တို့အနေဖြင့် ဤအစီရင်ခံစာအတွင်း ကိုးကားဖော်ပြထားသည့် အရင်းအမြစ်အများစုတို့အား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ထားခြင်းမရှိပေ။

ကျွန်ုပ်တို့ တွေ့ဆုံမေးမြန်းခဲ့သည့် ပုဂ္ဂိုလ်အများစုတို့သည် သတ္တုတူးဖော်ရေး လုပ်ငန်းများ၏ ဓာတ်ပုံများ နှင့် ဗီဒီယိုများ၊ မြေရှားသတ္တုတူးဖော်ခြင်း၏ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ နှင့်ပတ်သက်၍ ဒေသတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လုပ်ဆောင်ခဲ့ပြီး ထုတ်ပြန်ကြေညာခြင်း မပြုရသေးသော ၂၀၁၈ ခုနှစ် စစ်တမ်းကောက်ယူချက်တစ်ခု၊ တရားမဝင်မြေရှားသတ္တုတူးဖော်မှုများနှင့် ပတ်သက်၍ သတ္တုတူးဖော်သည့် နယ်မြေများသို့ အရပ်သားအစိုးရမှ စေလွှတ်လိုက်သည့် စစ်ဆေးရေးအဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတစ်စောင် နှင့် မြေရှားသတ္တုတူးဖော်မှုများကို တားဆီးပေးရန် အစိုးရ နှင့် စစ်တပ်တို့ထံ ဒေသခံများမှ ပေးပို့ခဲ့သည့် ကန့်ကွက်ကြောင်း ပေးစာတစ်စောင်တို့အပါအဝင် မှတ်တမ်းတင်ထားသည့် အထောက်အထားများကိုလည်း ကျွန်ုပ်တို့ထံ မျှဝေပေးအပ်ခဲ့သည်။

ဤစုံစမ်းဖော်ထုတ်မှုသည် အများပြည်သူတို့ ရယူနိုင်သည့် လူမှုကွန်ရက်မီဒီယာများမှ ပို့စ်များ၊ မီဒီယာများ၏ ဆောင်းပါးများ၊ လုပ်ငန်းနှင့်ပတ်သက်၍ လေ့လာဆန်းစစ်သူများ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အစီရင်ခံစာများ၊ အကောက်ခွန်မှတ်တမ်းများ၊ မြေပုံများ၊ ပညာရပ်ဆိုင်ရာ ဆောင်းပါးများ၊ မြန်မာနိုင်ငံ တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့၏ အစီရင်ခံစာများ၊ ကုမ္ပဏီများ၏ ဝက်ဆိုက်များ၊ နှစ်စဉ် အစီရင်ခံစာများ နှင့် ရင်းနှီးမြှုပ်နှံသူများ၏ တင်ပြချက်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်တမ်းထားရှိသော ကော်ပိုရိတ် မှတ်တမ်းများ၊ ဥပဒေများ နှင့် သက်ဆိုင်ရာ အမိန့်ကြော်ငြာစာများ အပါအဝင် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် တရုတ်ဘာသာတို့ဖြင့် ဖော်ပြထားသော အရင်းအမြစ်များမှလည်း သုံးသပ်လေ့လာပြီး ထုတ်နှုတ်ရယူထားပါသည်။

*ဇောင်သည် အမည်မှန် မဟုတ်ပေ။

အခြားဖော်ပြထားခြင်းမရှိလျင် ပုံများအားလုံး၏ အရင်းအမြစ်မှာ Global Witness ဖြစ်ပါသည်