တန်ဖိုးကြီးလက်ဝတ်ရတနာလုပ်ငန်းရှင်များသည် မြန်မာ စစ်တပ်၏ တရားမဲ့ ပြုကျင့်မှုများကို ငွေကြေးပံ့ပိုးပေးနေသကဲ့သို့ဖြစ်စေနိုင်သည့် အန္တရာယ် ရှိနေပုံ

မြန်မာနိုင်ငံတစ်ဝန်းရှိ သန်းပေါင်းများစွာသော ရဲရင့်သည့် ပြည်သူများသည် ၎င်းတို့၏ အသက်များကိုရင်းကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လျက်ရှိကြပြီး အနောက်နိုင်ငံများသည် အာဏာရှင်အစိုးရ၏ အဓိက ဝင်ငွေ အရင်းအမြစ်များကို ဖြတ်တောက်ရန် ရည်ရွယ်ကာ စီးပွားရေး ပိတ်ဆို့မှုများကို ချမှတ်ခဲ့ကြသော်လည်း တိုင်းပြည်၏ သဘာဝ သယံဇာတ ကြွယ်ဝမှုများက စစ်ဗိုလ်ချုပ်များကို စီးပွားရေးအရ အသက်ဆက်နိုင် စေလျက်ရှိသည်။

ကျွန်ုပ်တို့အနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ဖြေလျော့မှုများ ပြုလုပ်လာခဲ့သည့် ဆယ်စုနှစ်အတွင်း၌ပင် ကျောက်စိမ်းတူးဖော်မှု၊ လက်နက်ကိုင်ပဋိပက္ခ နှင့် စစ်တပ်၏ ဆက်လက်ထိန်းချုပ်ထားမှုတို့အကြားရှိ ဆက်စပ်မှုများကို မှတ်တမ်းတင်ထားခဲ့သည်။ ကျွန်ုပ်တို့၏ ယခင်အစီရင်ခံစာများ၌ မြန်မာနိုင်ငံ၏ တန်ဖိုးအရှိဆုံးကဏ္ဍများ၏ အချက်အချာတွင် ရှိနေသည့် ဆိုးဝါးသူများကို ဖော်ထုတ်ခဲ့သည်။

လူသိပိုမိုနည်းပါးသည့် အချက်တစ်ချက်မှာ စစ်တပ် နှင့် အခြားသော လက်နက်ကိုင်များအနေဖြင့် ပတ္တမြား၊ နီလာ နှင့် အခြားသော ရောင်စုံကျောက်မျက်များအပါအဝင် ကျောက်မျက်များမှ မည်သို့ အကျိုးအမြတ်များ ရရှိနေပုံဖြစ်သည်။ ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှုအသစ်တွင် မြန်မာနိုင်ငံ၏ ကျောက်မျက်ကဏ္ဍသည် ကျောက်စိမ်းကဏ္ဍကဲ့သို့ပင် ပြဿနာများရှိနေကြောင်းကို ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် ဖော်ထုတ်ထားပါသည်။

နိုင်ငံတကာရှိ လက်ဝတ်ရတနာလုပ်ငန်းများ၊ လေလံကုမ္ပဏီများ နှင့် စျေးကွက်ကြီးအတွင်း လက်လီ ရောင်းချသူများစွာတို့အနေဖြင့် မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းနယ်ပယ်အတွင်းမှ ပြဿနာများသည် ပတ္တမြား နှင့် အခြားသော ကျောက်မျက်များနှင့်မသက်ဆိုင်ဟူသော စိတ်ကူးယဉ်မှုပြောဆိုမှုနောက်ကွယ်တွင် ကာလရှည်ကြာ ပုန်းကွယ်နေခဲ့ကြသည်။

အမှန်စင်စစ်တွင် ကျောက်စိမ်းလုပ်ငန်းကဲ့သို့ပင် မြန်မာနိုင်ငံ၏ ကျောက်မျက်ကုန်သွယ်မှုများသည် စစ်တပ် နှင့် အင်အားကြီးမားသည့် လက်နက်ကိုင်အဖွဲ့များမှ ထိန်းချုပ်ထားသည့် တရားမဝင်လုပ်ငန်းတစ်ခုဖြစ်သည်။ ဤသို့ အမြတ်များစွာ ရရှိနေသည့် ကုန်သွယ်မှုမှ ဝင်ငွေများသည် မြန်မာစစ်တပ်အတွက် အာဏာ နှင့် ဘဏ္ဍာရေး အရင်းအမြစ်များကို ချုပ်ကိုင်ထားနိုင်စေခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု အပါအဝင် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ငွေကြေးထောက်ပံ့နိုင်စေခဲ့သည်။

ကျွန်ုပ်တို့၏ တွေ့ရှိချက်အသစ်များအရ ကျင့်ဝတ်နှင့်အညီ ဝယ်ယူတင်သွင်းခဲ့သည့် မြန်မာ့ပတ္တမြားဟူ၍ မရှိဟူသော အချက်ကို ထင်ရှားစွာ တွေ့မြင်ရသည်။  အဆိုပါ ကျောက်မျက်များအား လူသားများအကြား ဆက်နွှယ်မှု နှင့် ချစ်ခြင်းမေတ္တာတို့၏ သင်္ကေတများအဖြစ် ရောင်းချကြသော်လည်း ထုတ်လုပ်ရေး လမ်းကြောင်းတွင် အကျင့်ပျက်ခြစားမှုများ နှင့် ကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် အတိပြီးနေသည်။

အဓိက တွေ့ရှိချက်များ

  • ၂၀၂၀ ခုနှစ်အတွင်း နောက်ဆုံး တူးဖော်ရေး လိုင်စင်များ သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ကျောက်မျက်တူးဖော်မှုများအားလုံးသည် တရားမဝင်တော့သော်လည်း ဖေဖော်ဝါရီလတွင် ဖြစ်ပွား ခဲ့သော စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ကျောက်မျက်တူးဖော်မှုများ တဟုန်ထိုး မြင့်တက်လာခဲ့ သည်။
  • တရားဝင် တူးဖော်ခွင့်များ အဆုံးသတ်သွားခဲ့ချိန်တွင် သောင်းနှင့်ချီသော အလွတ်တန်း တူးဖော်သူများ အစားထိုးဝင်ရောက်လာကြပြီး ၎င်းတို့အား စစ်တပ်နှင့်တကွ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့ များက ခေါင်းပုံဖြတ်လျက်ရှိသည်။
  • သမားရိုးကျ ခန့်မှန်းတွက်ချက်မှုတစ်ခုအရ မြန်မာနိုင်ငံ၏ ပတ္တမြားလုပ်ငန်းသည် လိုင်စင်များ သက်တမ်းမကုန်မီ အပြည့်အဝ ထုတ်လုပ်ခဲ့သည့် ကာလအတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းအထိ တန်ဖိုးရှိခဲ့သည်။
  • အဆိုပါ ပတ္တမြား များစွာတို့သည် ဘန်ကောက်၊ ဟောင်ကောင်၊ နယူးယောက် နှင့် လန်ဒန်တို့ရှိ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် ကျောက်မျက်စျေးကွက်များသို့ ရောက်ရှိသွားကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ထုတ်လုပ်တင်သွင်းသည့် နိုင်ငံနှစ်နိုင်ငံတွင် ပါဝင်ပြီး ကမ္ဘာပေါ်ရှိ အဖိုးအတန်ဆုံး ကျောက်များ၏ အရင်းအမြစ်လည်းဖြစ်သည်။
  • နိုင်ငံတကာစျေးကွက်တွင် ရောင်းချသည့် ကျောက်များ၏ မူလဇစ်မြစ်ကို ဖုံးဖိထားသည့် ကျောက်မျက် ထုတ်လုပ်ရေး လမ်းကြောင်းများ၏ ရှုပ်ထွေးမှု နောက်ကွယ်တွင် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများသည် ပုန်းကွယ်လျက် ရှိကြသည်။ ပတ္တမြားများသည် လက်နက်ကိုင်များထံ ငွေပေးခြင်းများ ပါဝင်ပတ်သက် နေသည့် ပွင့်လင်းမြင်သာမှုမရှိသော လုပ်ငန်းစဉ်တစ်ခုအတွင်း ကမ္ဘာလုံးဆိုင်ရာ ကျောက်မျက်ရတနာ ထုတ်လုပ်၊ စီမံ၊ ပြုပြင်ရေး ဆုံချက်ဖြစ်သည့် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ၎င်းတို့ မည်သည့် ကျောက်တွင်းများမှ ထွက်ရှိလာကြောင်းကို ကုန်သည်အများစုက မသိရှိကြပေ။
  • မြန်မာနိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ပတ္တမြားများကို နိုင်ငံတကာ ကျောက်မျက်ရတနာ ကုမ္ပဏီများ ဖြစ်ကြသည့် Graff, Van Cleef & Arpels နှင့် Pragnell, တန်ဖိုးမြင့် လေလံကုမ္ပဏီများဖြစ်ကြသည့် Sotheby's နှင့် Christie's နှင့် စျေးကွက်ကြီးအတွင်း လက်လီရောင်းချသည့် Walmart နှင့် Intercolor တို့မှ ရောင်းချလျက်ရှိကြသည်။ ထို့နောက် မိမိတို့အနေဖြင့် ရက်စက်ယုတ်မာသော လုပ်ရပ်များကို ငွေကြေးပံ့ပိုးပေးနေမိခြင်းဖြစ်ကြောင်း မသိရှိနိုင်သည့် ဖောက်သည်များက ၎င်းတို့အား ဝယ်ယူ ကြသည်။
  • ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတကာ ကျောက်မျက်ရတနာ လုပ်ငန်း၊ လေလံကုမ္ပဏီ နှင့် စျေးကွက်ကြီး အတွင်းမှ လက်လီလုပ်ငန်းပေါင်း ၃၀ ကျော်တို့ကို ဆက်သွယ်ခဲ့ရာ ၎င်းတို့အနက် အများစုသည် ၎င်းတို့ ဝယ်ယူခဲ့သည့် အဖိုးတန်ကျောက်များ၏ အရင်းအမြစ်များကို ဆုံးဖြတ်ရန် ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန် စိစစ်ခြင်းဆိုင်ရာ အစီအမံများ အလုံအလောက် မရှိကြပေ။ ၎င်းတို့အနက် ကုမ္ပဏီ ၃ ခုတို့ကသာ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ကျောက်မျက်များ ဝယ်ယူတင်သွင်းခြင်းကို ရပ်တန့်ခဲ့ကြောင်း လူသိထင်ရှား ထုတ်ပြန်ကြေညာခဲ့သည်။

အမြတ်ထုတ်မှု သမိုင်းကြောင်းတစ်ခု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီး တိုင်းပြည်၏ ရွေးကောက်ခံခေါင်းဆောင်များကို ဖမ်းဆီးထောင်ချပြီးချိန်မှစတင်ကာ မြန်မာစစ်တပ်နှင့် ၎င်း၏ ရဲတပ်ဖွဲ့သည် ကလေးသူငယ် ၇၅ ဦးအပါအဝင် အရပ်သား ၁၂၀၀ ကျော်တို့ကို သတ်ဖြတ်ခဲ့သည်။ ၎င်းတို့သည် လူနေရပ်ကွက်များအတွင်း ခွဲခြားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ကြပြီး ထောင်နှင့်ချီသော ပြည်လူများကို ယုတ္တိမရှိသော စွဲချက်များဖြင့် ဖမ်းဆီးကာ ထိန်းသိမ်းထားသည့် အကျဉ်းသားများကို စနစ်တကျ နှိပ်စက်မှုများ ကျူးလွန်ခဲ့သည်။

၎င်းစစ်အာဏာသိမ်းမှုသည် တိုင်းပြည်၏ ကျောက်မျက်တွင်းများအပေါ် အခိုင်အမာ ထိန်းချုပ်ထားခဲ့သည့် မြန်မာစစ်တပ်၏ ဆယ်စုနှစ်များနှင့်ချီသည့် အကြိမ်ကြိမ် အာဏာလုယူခဲ့မှုများအတွင်း နောက်ဆုံးအကြိမ်ဖြစ်သည်။ ၎င်းသည် ၎င်း၏ ကိုယ်ပိုင် လုပ်ငန်းစုကြီးများဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ထံသို့ တူးဖော်ခွင့်များ ပေးအပ်ခဲ့ပြီး ကျောက်မျက်တွင်းများမှ ဝင်ငွေများကို အသုံးပြုကာ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ကျူးလွန်နေသည့် စစ်တပ်၏ ယူနစ်များထံ ငွေကြေး ထောက်ပံ့ခဲ့သည်။

တစ်ချိန်တည်းတွင် စစ်ခေါင်းဆောင်များသည် တိုင်းပြည်၏ ကျောက်မျက်ကြွယ်ဝမှုများကို အသုံးပြုကာ အမြတ်အစွန်းများစွာ ရရှိသော လိုင်စင်များကို  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ပေးအပ်ပြီး လက်နက်ကိုင် ဆန့်ကျင်သောအဖွဲ့များကို သိမ်းသွင်းခဲ့သည်။ ထို့ပြင် ယခုအခါ နိုင်ငံတော် အာဏာကို တရားမဝင် လုယူခဲ့သဖြင့် ကျောက်မျက်လုပ်ငန်းအပေါ် ကွပ်ကဲထိန်းကျောင်းမှုသည် ၎င်း၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယူအက်စ်၊ အီးယူ နှင့် ယူကေတို့မှ ပိတ်ဆို့ အရေးယူထားသည့် MEHL နှင့် MEC တို့ကို မြန်မာနိုင်ငံရှိ ပြည်သူများအား လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် စွပ်စွဲချက်များကို ရင်ဆိုင်နေရသည့် ယခုနှစ်အစောပိုင်းအတွင်း တရားမဝင် အာဏာလုယူမှုကို စီမံဖန်တီးသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိန်းချုပ်ထားသည်။

တိုင်းပြည်အတွင်းရှိ ကျောက်မျက်တူးဖော်ထုတ်လုပ်မှု၏ ခန့်မှန်းခြေ ၉၀% ရှိသော မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိုးကုတ်မြို့နယ်တွင် စစ်တပ်သည် ယခုအခါတွင် ဒဏ်ခတ်အရေးယူခံထားရသော MEHL နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများထံသို့ ယခင်က လိုင်စင်ထုတ်ချထားပေးခဲ့သော လုပ်ကွက်များအတွင်းတွင် လက်ဖြင့် တူးဖော်ကြသည့် သောင်းနှင့်ချီသော ဒေသခံများကို လာဘ်ငွေများ စနစ်တကျကောက်ခံပြီး တူးဖော်ခွင့်ပြုလျက်ရှိသည်။

အကြံပြုတင်ပြချက်များ

နိုင်ငံများ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်

  • မြန်မာ့ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းများအပေါ် စစ်တပ်၏ ပျံ့နှံ့နေသော သြဇာလွှမ်းမိုးမှုကို သတိပြုပြီး မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများအားလုံးကို တင်သွင်းခွင့် ပိတ်ပင်ထားရန်။
  • မြန်မာနိုင်ငံမှ ကျောက်မျက်များ နှင့် ကျောက်စိမ်းများကိုပါ ထည့်သွင်းရန် ပဋိပက္ခ သက်ရောက်ခံထား ရသည့် နယ်မြေများမှ တာဝန်ယူမှုရှိစွာ ဝယ်ယူတင်သွင်းခြင်းဆိုင်ရာ ထိခိုက်နစ်နာမှုများကို ကြိုတင် သိရှိနိုင်ရန် စိစစ်ရေးဆိုင်ရာ စည်းမျဉ်းများကို တိုးချဲ့ပြီး OECD ၏ ထိခိုက်နစ်နာမှုများကို သိရှိနိုင်ရန် စိစစ်ခြင်း လမ်းညွှန်ချက်နှင့် ကိုက်ညီမှုရှိကြောင်း သေချာစေကာ သင့်လျော်စွာ အကောင်အထည် ဖော်ရန်။

ပြည်တွင်း ကျောက်မျက် တူးဖော်ရေး နှင့် ကုန်သွယ်ရေး ကုမ္ပဏီများအနေဖြင့်

  • ကျောက်မျက်တူးဖော်ရေး နယ်မြေများအတွင်းရှိ တရားမဝင် လုပ်ငန်းဆောင်ရွက်နေမှုများသည် မြန်မာနိုင်ငံ ဥပဒေ နှင့် နိုင်ငံတကာ စံချိန်စံနှုန်းများကို ချိုးဖောက်ကြောင်း သတိပြုသည့် အနေဖြင့် အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို ရပ်တန့်ရန် နှင့် ကျောက်မျက်လုပ်ငန်းနှင့် ပတ်သက်သည့် NUG ၏ လမ်းညွှန်ချက် နှင့် မူဝါဒများကို လိုက်နာရန်။
  • လွတ်လပ်မျှတစွာ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရတစ်ရပ် အာဏာပြန်လည်ရရှိ လာသည့်အချိန်မတိုင်မီအထိ ကျောက်မျက်တူးဖော်ခွင့် အသစ် သို့မဟုတ် ရှိပြီးသား တူးဖော်ခွင့်ကို သက်တမ်းတိုးခြင်းတို့အတွက် လျှောက်ထားခြင်း မပြုရန်။
  • စစ်တပ်မှ လုပ်ဆောင်သည့် ကျောက်စိမ်း နှင့် ကျောက်မျက်ပြပွဲများတွင် ပါဝင်ခြင်းမပြုရန်။

တာဝန်ယူမှုရှိသော လက်ဝတ်ရတနာလုပ်ငန်း ကောင်စီ (RJC) အနေဖြင့်

  • ၎င်း၏ အဖွဲ့ဝင်များအတွက် အသေးစိတ် အစီရင်ခံတင်ပြရေးဆိုင်ရာ သတ်မှတ်ချက်များ ရေးဆွဲရန် နှင့် OECD လမ်းညွှန်ချက်နှင့်အညီ ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန် စိစစ်ခြင်းကို လုံလောက်စွာ ဆောင်ရွက်ရန် ပျက်ကွက်သည့် အဖွဲ့ဝင်များကို အရေးယူခြင်းများမှတဆင့်အပါအဝင် ယင်းတို့အား ကောင်းစွာ လိုက်နာမှုရှိစေရေးအတွက် ဆောင်ရွက်ရန်။
  • ရောင်စုံကျောက်မျက်ထုတ်လုပ်မှု လမ်းကြောင်းများ ထည့်သွင်းရန်အတွက် ၎င်း၏ အဆင့်ဆင့် စောင့်ထိန်းလိုက်နာမှု စံသတ်မှတ်ချက်ကို တိုးချဲ့ရန်။

မြန်မာနိုင်ငံပြင်ပရှိ ကျောက်မျက် နှင့် လက်ဝတ်ရတနာ ကုမ္ပဏီများအနေဖြင့်

  • ထိုင်းနိုင်ငံ နှင့် အခြားသော ကြားခံနိုင်ငံများရှိ ကုန်သည်များ နှင့် အချောထည် ပြုလုပ်သူများမှ တဆင့်အပါအဝင် မြန်မာနိုင်ငံမှ ကျောက်မျက် နှင့် ကျောက်စိမ်းတို့ကို တာဝန်ယူမှုရှိစွာ ရယူတင်သွင်းရန်မှာ လက်ရှိအခြေအနေတွင် ဖြစ်နိုင်ခြင်းမရှိကြောင်း သိရှိသတိပြုရန်။
  • ရှိပြီးသား ဆက်ဆံရေးများကို လက်တွဲဖြုတ်ခြင်းသည် လူ့အခွင့်အရေးများကို ဦးစားပေးခြင်း ဖြစ်ကြောင်း သေချာစေရန်။
  • မိမိတို့ကြောင့် ဖြစ်ပွားခဲ့သော၊ မိမိတို့ပါဝင်ခဲ့သော သို့မဟုတ် ဆက်စပ်မှုရှိခဲ့သော မည်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုအတွက်မဆို ထောက်ပံ့ခြင်း သို့မဟုတ် ပြန်လည် ကုစားရေးဆိုင်ရာ တရားဝင် လုပ်ငန်းစဉ်များကို အထောက်အပံ့ပေးခြင်းတို့ ပြုလုပ်ရန်။
  • မိမိတို့အနေဖြင့် မြန်မာနိုင်ငံမှ ရယူတင်သွင်းမှုကို ရပ်တန့်ခဲ့ကြောင်း နှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် သတ်မှတ်ချက်များကို အများပြည်သူထံ ကြေညာရန်။

ဤစုံစမ်းဖော်ထုတ်မှုကို ထုတ်ပြန်ခြင်းမပြုမီ ၎င်းတွင် ဖော်ပြထားသည့် ကုမ္ပဏီအားလုံးတို့အား ကြိုတင် ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့၏ မှတ်ချက်ပြု တုန့်ပြန်ချက်များကို အစီရင်ခံစာ အပြည့်အစုံအတွင်း ထည့်သွင်းဖော်ပြထားပါသည်။