မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် စစ်အာဏာသိမ်းမှုကို တုန့်ပြန်သည့်အနေဖြင့် Global Witness သည် တရားဥပဒေနှင့် မညီညွတ်ဘဲ ဖမ်းဆီးခြင်းခံနေရသော အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားနိုင်ငံရေးပါတီများမှ အကြီးတန်းခေါင်းဆောင်များ၊ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အခြားပုဂ္ဂိုလ်များကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ တပ်မတော်သည် တရားဥပဒေစိုးမိုးမှုကိုလိုက်နာရန် နှင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ၏ ရလဒ်ကို လေးစားရန် လိုအပ်သည်။

စစ်တပ် (တပ်မတော်) သည် တစ်နှစ်တာကာလ အရေးပေါ်အခြေအနေကို ကြေညာကာ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေအား ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောဆိုနေလင့်ကစား ယင်းအပြုအမူများသည် မဲရုံများတွင် မဲဆန္ဒရှင်များက မိမိတို့၏ဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်၍ မိမိတို့နှစ်သက်သည့် ရွေးကောက်ခံကိုယ်စားလှယ်များကို ရွေးချယ်နိုင်ခဲ့ကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက တွေ့ရှိခဲ့ပြီး NLD က ဆန္ဒမဲစုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းကို ရရှိအနိုင်ရခဲ့သော နိုဝင်ဘာလတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ ရလဒ်ကို ပြောင်းပြန်လှန်ရန် ရှင်းရှင်းလင်းလင်းကြိုးပမ်းမှုတစ်ရပ်သာဖြစ်သည်။

“လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတွင်  မြန်မာနိုင်ငံ၏တိုးတက်မှုများသည် မည်မျှပင် ပြည့်စုံကောင်းမွန်မှု မရှိစေကာမူ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားခေါင်းဆောင်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံမှပြည်သူများနှင့် ဒီမိုကရေစီဆိုင်ရာ တိုးတက်ပြောင်းလဲမှုများအပေါ် အလွန်ဆိုးရွား၍ လက်ခံနိုင်ဖွယ်မရှိသည့် တိုက်ခိုက်မှုတစ်ရပ်သာဖြစ်သည်” ဟု Global Witness ၏ မြန်မာပြည်ဆိုင်ရာ Campaign Leader ဖြစ်သူ Paul Donowitz က ပြောဆိုလိုက်ပါသည်။

“အသစ်ရွေးကောက်တင်မြောက်ထားသော လွှတ်တော်သစ်ကို ပထမဆုံးအကြိမ်ခေါ်ယူရန် လုပ်ဆောင်နေဆဲမှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင် နှင့် စစ်တပ်ခေါင်းဆောင်များသည် အစိုးရအသစ်ဖွဲ့စည်းခြင်းကိုတားဆီးရန် ဒီမိုကရေစီနည်းလမ်းမကျဘဲ တစ်ဖက်သတ်လုပ်ဆောင်ခဲ့ကာ နိုင်ငံ‌ရေးနှင့် စီးပွားရေးကို ၎င်းတို့လက်တွင်း ထိန်းသိမ်းထားနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်” ဟုလည်း Donowitz က ဆက်လက်ပြောကြားခဲ့ပါသည်။

တပ်မတော်အနေဖြင့် အရေးပေါ်အခြေအနေကြေညာထားခြင်းကို ပယ်ဖျက်ရန်နှင့် ရွေးကောက်ခံ အရပ်သား အစိုးရထံသို့ အာဏာပြန်လည်လွှဲပြောင်းပေးရန် နိုင်ငံတကာနှင့်အတူ Global Witness က ပူးပေါင်း တောင်းဆိုလိုက်သည်။ ထို့အတူ တစ်ကမ္ဘာလုံးမှ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ပင်တားမြစ်ရန် နှင့် မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေးဆိုင်ရာအကျိုးစီးပွားများအပေါ် ပစ်မှတ်ထား အရေးယူမှုများပြုရန် နိုင်ငံတကာအစိုးရများကို ကျွန်ုပ်တို့က‌တောင်းဆိုလိုက်သည်။ စစ်တပ်၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားသည် ၎င်းတို့အပေါ် အရပ်ဘက်မှကြီးကြပ်မှုကို ဆန့်ကျင်နိုင်စေခဲ့ပြီး ရိုဟင်ဂျာလူထုနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပါအဝင် မြန်မာနိုင်ငံပြည်သူများအပေါ် တရားမဲ့ပြုကျင့်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကျူးလွန်နိုင်စေခဲ့သည်။ ပစ်မှတ်ထားကာ စီးပွားရေးအရအရေးယူမှုများပြုရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ တောင်းဆိုချက်များကို ကျွန်ုပ်တို့က ထောက်ခံပါသည်။ ယင်းပစ်မှတ်ထားအရေးယူမှုများလုပ်ဆောင်ရာတွင် အင်အားကြီးမားသော စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးများဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း နှင့် မြန်မာစီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် တို့နှင့်အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် စစ်တပ်မှ အခြားအကြီးတန်းအရာရှိကြီးများအပေါ် စတင်၍ ဆောင်ရွက်သင့်သည်ဟု ကျွန်ုတို့က ယူဆပါသည်။

“ကာလကြာရှည်စွာကပင် တပ်မတော်သည် မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သော ၎င်း၏ တရားမဲ့ပြုကျင့်မှုများအတွက် ပြစ်ဒဏ်မခံရဘဲ လွတ်ကင်းနေခဲ့သည်။ ယင်းသို့ ဆက်လက်၍ ပြစ်ဒဏ်လွတ်ကင်းနေခြင်းသည် ၎င်း၏အာဏာဆက်လက်ကိုင်စွဲထားမှုကို အထောက်အကူပြုနေခဲ့ပြီး ကျွန်ုပ်တို့ ယနေ့တွေ့မြင်ရသည့် အာဏာသိမ်းမှုများကို ဖြစ်မြောက်စေခဲ့သည်” ဟု Donowitz က ပြောပါသည်။ “ဤအာဏာသိမ်းမှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရှင်းရှင်းလင်းလင်း ပြောကြားရမည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင်များကို ဤဖြစ်ရပ်များ အတွက် တာဝန်ခံစေရန် တညီတညွတ်တည်း ချက်ချင်းအရေးယူလုပ်ဆောင်ရမည်ဖြစ်သည်” ဟုလည်း သူက နိဂုံးချုပ်ပြောဆိုခဲ့ပါသည်။