Jade mines in Hpakant

Briefing / July 22, 2020

မှောင်ရိပ်ကိုခွာ၍

မြန်မာနိုင်ငံရှိ သယံဇာတတူး‌ဖော်ရေးကုမ္ပဏီများကို အမှန်တကယ် ထိန်းချုပ်ကြိုးကိုင်နေသူများမှာ မည်သူတို့နည်း။ မြန်မာနိုင်ငံ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ ပထမဦးဆုံးအကြိမ် ထုတ်ပြန်ကြေညာမှုအပေါ် စိစစ်လေ့လာချက်

ပဋိပက္ခများ၊ ပြဿနာရပ်များ ပြည့်နှက်လျက်ရှိသည့် သယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဏများကို တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သည့် အရေးပါသော ခြေလှမ်းတစ်ရပ်ကို ၂၀၁၉ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာအစိုးရက စတင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထား သည့် သယံဇာတ တူးဖော်ရေး လုပ်ငန်း (ကော်ပိုရေးရှင်း) များ၏ “အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု” (Beneficial ownership) နှင့် ပတ်သက်သည့် သတင်းအချက်အလက် များကို “ရင်းနှီးမြုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန” (DICA) မှ စတင်၍ ထုတ်ပြန်ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ရေနံ၊ ဓာတ်ငွေ့ နှင့် သတ္ထုတူးဖော်ရေး ကုမ္ပဏီများကို အမှန်တကယ် ပိုင်ဆိုင်ထိန်းချုပ်ထားသည့် ပိုင်ရှင်များနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှု ရှိလာစေရန် Global Witness နှင့် အခြားသော အရပ်ဘက်လူမှုအဖွဲ့အစည်းများက ကာလကြာမြင့်စွာ အစဉ်တစိုက် တောင်းဆိုခဲ့ပါသည်။ ဤကဲ့သို့အရေးပါသည့် အလှည့်အပြောင်းကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် အဆိုပါ လုပ်ငန်းစဉ်များကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိသော နိုင်ငံများပါဝင်သည့် အဖွဲ့ငယ်တစ်ခု နှင့် လက်တွဲ ပူးပေါင်းခဲ့ပါသည်။    

အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ စုဆောင်းမှုနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးတွင် စံကိုက် ဖော်ထုတ်နိုင်ရေးအတွက် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက် စံသတ်မှတ်ချက်  (BODS) ကို စီစဉ်ဖန်တီးပေးခဲ့သည့် Open Ownership အဖွဲ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ “အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု” (Beneficial ownership) ဆိုသည်မှာ တရားဝင်ရပ်တည်နေသော အဖွဲ့အစည်းတစ်ခု၏ ဝင်ငွေ (သို့မဟုတ်) ပိုင်ဆိုင်မှုများအပေါ် ဝေစု တစ်စုံတစ်ရာပိုင်ဆိုင်ခွင့် (သို့မဟုတ်) အဆိုပါ အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများ အပေါ် ညွှန်ကြားခွင့် (သို့မဟုတ် ) ဩဇာလွှမ်းမိုးခွင့် (ထိန်းချုပ်ခွင့်) ကိုဆိုလိုပါသည်။    ဤအချက်အလက်များ သည် အဂတိလိုက်စားမှု၊ အခွန်ရှောင်လွှဲမှု နှင့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများကို ကာကွယ်တိုက်ဖျက်ရာ၌ အဓိကသော့ချက်နေရာတွင် ရှိနေပါသည်။ ကုမ္ပဏီများကို ထိန်းချုပ်ပိုင်ဆိုင်ထားသူများနှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို အများပြည်သူထံသို့ ချပြခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့် ၎င်းလုပ်ငန်းများနှင့် ပတ်သက်ဆောင်ရွက်လျက်ရှိသူများကို ပိုမိုသိရှိလာမည်ဖြစ်သကဲ့သို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့် လည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုအားကောင်းလာစေရန် တွန်းအားပေးနိုင်မည် ဖြစ်ပါသည်။ ကုမ္ပဏီများအနေဖြင့် မမှန်ကန် မတိကျသော သတင်းအချက်အလက်များကို ထုတ်ပြန်ပါက ၎င်းတို့ ၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သောကြောင့် အရည်အသွေး နိမ့်ပါးသည့် အချက်အလက်များ ထုတ်ပြန်ခြင်းကို ကာကွယ်တားဆီးရာတွင် ပြည်သူလူထု၏ စိစစ်ရွေးချယ်မှုသည်လည်း အရေးပါသော နည်းလမ်းတစ်သွယ် ဖြစ်ပါ သည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးသည် လက်ရှိ တပ်မတော်ခေါင်းဆောင်များ၊ ယခင် စစ်အစိုးအဖွဲ့ဝင်ဟောင်းများ၊ တိုင်းရင်းသား လက်နက်နက်ကိုင်အဖွဲ့များ၊ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များ၊ ၎င်းတို့နှင့် ဆက်စပ်သည့် ခရိုနီ ကုမ္ပဏီများ၏ ချုပ်ကိုင်ကြီးစိုးမှုကို ကာလအလွန်ရှည်ကြာစွာ ခံခဲ့ရခြင်းကြောင့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များသည် နိုင်ငံအတွက် အထူးပင် အရေးပါ ပါသည်။ နိုင်ငံရေး နှင့်ပတ်သက်ဆက်နွယ်လျက်ရှိသော လုပ်ငန်းပိုင်ရှင်များသည် မိသားစုဝင်များ၊ မိတ်ဆွေရင်းများနှင့် အခြား လုပ်ဖော်ကိုင်ဖက်များကို လုပ်ငန်းပိုင်ရှင်အဖြစ် အမည်ခံစေခြင်းအားဖြင့် ၎င်းတို့၏ အမည်ကို တရားဝင် ဖော်ပြခြင်းမှ ရှောင်ရှားနိုင်သည့်အပြင် လုပ်ငန်းမှ အမှန်တကယ် ငွေကြေး အမြတ်အစွန်း စီးဆင်းမှုများကို ဖုံးကွယ် နိုင်ပါသည်။ အကျိုးအမြတ်ရရှိ ပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေညာရန် သတ်မှတ်ပြဌာန်းချက်များသည် ဖော်ပြပါ လျှို့ဝှက်ဖုံးကွယ်မှုများကို ဖွင့်ချဖော်ထုတ်နိုင်ပြီး မြန်မာပြည်သူများအနေဖြင့် မိမိတို့နိုင်ငံရှိ လုပ်ငန်းများ၊ ကုမ္ပဏီ များ၏ ပိုင်ရှင်အစစ်အမှန်ကို ပထမဆုံးအကြိမ်အဖြစ် သိရှိခွင့် ရရှိစေနိုင်မည့် အလားအလာရှိပါသည်။ အချို့သော ကုမ္ပဏီများသည် မှားယွင်းသော သို့မဟုတ် အထင်အမြင်လွဲမှားစေမည့် သတင်းအချက်အလက်များ စီစဉ်တင်ပြ ထားရှိခြင်းအားဖြင့် ၎င်းတို့၏ ပိုင်ရှင် အစစ်အမှန်ကို ဖုံးကွယ်ရန် အားထုတ်သကဲ့သို့ အချို့ ကုမ္ပဏီများကမူ မရည်ရွယ်ဘဲ ထိုသို့ မှားယွင်း လုပ်ဆောင်မိတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အချက်အလက်များသည် ကုမ္ပဏီများ၏ ပိုင်ရှင် အစစ်အမှန်များကို သိရှိနိုင်စေရန်အတွက် အဖိုးတန်သော သဲလွန်စများအဖြစ် ရှိနေဆဲ ဖြစ်ပါသည်။ 

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို ဖိစီးနှိပ်စက်လျက်ရှိသည့် အကျိုးစီးပွားပဋိပက္ခများတွင် ပါဝင်နေသူများ နှင့် ပတ်သက်၍ လှစ်ဟဖော်ထုတ်ရာတွင်လည်း အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များက အထောက်အကူပြုပါသည်။ စစ်တပ်နှင့် ဆက်စပ်လျက်ရှိသော ကုမ္ပဏီများနှင့်ပတ်သက်၍ ပိုမို ရှင်းလင်းစွာ သိရှိ နားလည်စေရန် ဆောင်ရွက်ခြင်းအားဖြင့် စစ်တပ်အား ၎င်းတို့၏ လုပ်ရပ်များအတွက်  ပိုမိုထိရောက်သော တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန် တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း  ရိုဟင်ဂျာ မူဆလင်များ၏ အတိဒုက္ခ နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များအတွင်း စစ်တပ်၏ ပါဝင်ပတ်သက်မှု များ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ် နှင့် အခြား တိုင်းရင်းသား ဒေသများတွင် စစ်တပ် မှ ကျူးလွန်ခဲ့သည့် နှိပ်စက်ညှင်းပန်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားသည့် အစီရင်ခံစာများက  မီးမောင်းထိုးပြလျက် ရှိပါသည်။   

အလားတူပင် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်း တူးဖော်ရေး လုပ်ငန်းများတွင် ပိုင်ဆိုင်သူအစစ်အမှန်ကို ဖုံးကွယ်ထားသည့် ကုမ္ပဏီများက အဓိကအခန်းကဏ္ဏမှ ကာလရှည်ကြာစွာ ကြီးစိုးလျက်ရှိပြီး ၎င်းကျောက်စိမ်း လုပ်ငန်းမှ ရရှိသော အမြတ်အစွန်းများက ပြည်နယ် ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဆက်လက် တောက်လောင်စေရန် တွန်းအားပေးလျက်ပါသည်။ Global Witness မှ ယခင်ကတည်းက မှတ်တမ်းတင် ထားသည့်အတိုင်း အမြတ်အစွန်း ကြီးမားသည့် ကျောက်စိမ်း လုပ်ငန်းကဏ္ဏတွင် စစ်တပ်နှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ ခရိုနီကုမ္ပဏီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အများအားဖြင့် သတိပြု စောင့်ကြည့်ခြင်း မခံရသည့် အစိုးရ ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များက အဓိက လွှမ်းမိုးချုပ် ကိုင်ထားပါသည်။   ဖော်ပြပါ အဖွဲ့အစည်းများသည် ကျောက်စိမ်းကဏ္ဏမှ ရရှိသည့် ကြီးမားလှသည့် အမြတ်အစွန်းများကို အဓိက အကျိုးအမြတ်ခံစားလျက်ရှိပြီး (၂၀၁၄) တွင် အမြင့်ဆုံး ဝင်ငွေအဖြစ် အဆိုပါ လုပ်ငန်းကဏ္ဏမှ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ခန့် ရရှိခဲ့ကြောင်း (Global Witness) မှ ခန့်မှန်း တွက်ချက်ထားပါသည်။  ထို့အပြင် အခြားနှစ်များတွင်လည်း ကျောက်စိမ်းကဏ္ဏမှ ရရှိသည့် ဝင်ငွေသည် ရင်သပ်အံ့ဩဖွယ် ကောင်းလှပါသည်။ Natural Resources Governance Institute မှ ထုတ်ပြန်သည့် (၂၀၁၉) စစစ်လေ့လာချက်အရ အခြားနှစ်များတွင် ရရှိသည့် နှစ်စဉ် ကျောက်စိမ်း ဝင်ငွေသည် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ နှင့် ၁၅ ဘီလီယံ အကြားရှိကြောင်း ခန့်မှန်းတွက်ချက်ထားပါသည်။    

ခရိုနီကုမ္ပဏီများ၊ လက်နက်ကိုင် အဖွဲ့များ နှင့် အခြားဖုံးကွယ်ထားသော စီးပွားရေးအခွင့်ထူးခံ အဖွဲ့အစည်းများ သည် ကျောက်စိမ်း ကဏ္ဏမှရရှိသည့် အမြတ်အစွန်းများဖြင့် အလွန်ချမ်းသာလာသော်လည်း ဖားကန့် အစရှိသည့် သတ္ထုတွင်းဒေသများရှိ ဒေသခံပြည်သူများမှာမူ ဆင်းရဲမြဲဆင်းရဲလျက်ရှိကြရုံမျှသာမက အထိန်းအကွပ်မရှိ ပရမ်းပတာ ကျောက်စိမ်း တူးဖော်ခြင်းမှ ရရှိလာသည့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ ဆိုးဆိုးဝါးဝါး ပျက်စီးမှု အကျိုးဆက်များကို ရင်ဆိုင်နေရသည့်အပြင် သတ္ထုတွင်းဒေသများကို ထိန်းချုပ်နေသည့် လက်နက်ကိုင် အဖွဲ့များ၏ ပဋိပက္ခများအကြားတွင်လည်း မြေစာပင်သဖွယ် ခံစားနေကြရပါသည်။ အဆိုပါ ဆိုးရွားသည့် အကျိုးဆက်များသည် ဖားကန့်ဒေသ၌ ဇူလိုင်လ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု ဖြစ်ရပ်တွင် ထပ်မံ၍ အထင်းသား ပေါ်ပေါက်ခဲ့ပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် မုတ်သုံရာသီအတွင်း ပိတ်သိမ်းထားရန် မြန်မာအစိုးရမှ ညွှန်ကြားထားသည့် သတ္ထုတွင်းတစ်ခုအတွင်း ကျောက်စိမ်းအလွတ်တူးဖော်သူ (ရေမဆေးသမား) ၂၀၀ ကျော် အရှင်လတ်လတ် မြေစာပုံပိ၍ သေဆုံးခဲ့ကြရပါသည်။  ဖားကန့်ဒေသတွင် ကြုံတွေ့ရလျက်ရှိသည့် တရားဥပဒေ ကင်းမဲ့မှု နှင့် ယင်းအခြေအနေဆိုးများမှ အကျိုးအမြတ် ရရှိနေသည့် ကုမ္ပဏီများ၏ ပိုင်ရှင် အစစ်အမှန်ကို ရှာဖွေဖော်ထုတ်ခြင်း မပြုနိုင်ပါက ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများ နှင့် စီမံအုပ်ချုပ်မှု ဆိုင်ရာ ပြဿနာရင်းမြစ်များကို ပြည့်ဝစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဖြစ်နိုင်ခြေ အလွန်နည်းလှပါသည်။ 

အကယ်၍ မြန်မာ အစိုးရ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အမည်စာရင်းတင်သွင်းမှု အစီအစဉ်သည် ဖော်ပြပါ ရလဒ်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်သည် ဆိုပါက ကုမ္ပဏီများအနေဖြင့် မှန်ကန်သော အချက်အလက်များ ကို တင်ပြရန် အထူးလိုအပ်ပါသည်။ ကျွန်ုပ်တို့၏ စီစစ်လေ့လာချက်များအရ ကုမ္ပဏီ စုစုပေါင်း၏ သုံးပုံ တစ်ပုံကျော်သည် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဆိုင်ရာ အချက်အလက်များကို ပထမအဆင့်အနေဖြင့် တင်သွင်း ရာတွင် အကြောင်းအမျိုးမျိုးကြောင့် အချက်အလက် တိကျပြည့်စုံမှုမရှိခြင်း (သို့မဟုတ်) မည်သည့် အချက်အလက် စာရွက်စာတမ်းမျှ တင်သွင်းမှုမရှိခြင်း (သို့မဟုတ်) သတ်မှတ်ရက်ထက် နောက်ကျ တင်သွင်းခြင်း တို့ကို တွေ့ရှိရပါသည်။

ဖော်ပြပါ အခက်အခဲ ပြဿနာများကို ကုစားရာတွင် အဓိက အခန်းကဏ္ဏတစ်ခုမှ ပါဝင်လျက်ရှိသော (DICA) ၏ လုပ်ပိုင်ခွင့်မှာ ကုမ္ပဏီများ မှ သတင်းအချက်အလက်များ စုဆောင်းသိမ်းဆည်းရန်ဖြစ်ပါသည်။ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ (The Beneficial Ownership Task Force) သည်လည်း အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းများမှ ခေါင်းဆောင်များ နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ညှိနှိုင်းပေးခြင်းဖြင့် ထိရောက်ခိုင်မာသော မူဝါဒဆိုင်ရာ မူဘောင်တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာစေရေး နှင့် သက်ဆိုင်ရာ အချက်အလက်များ အစီရင်ခံ တင်ပြရာတွင် အဓိကလိုအပ်ချက်များ သတ်မှတ်ရေးအတွက် အဓိက အခန်းကဏ္ဏမှ ပါဝင်လျက်ရှိပါသည်။

သက်ဆိုင်ရာ အခန်းကဏ္ဏများမှ ပါဝင်ဆောင်ရွက်လျက်ရှိသော အခြား အကျိုးစီးပွားပါဝင်ပတ်သက်သူများလည်း ရှိနေပါသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နှင့် လုပ်ငန်းခွင့်ပြုမိန့်ထုတ်ပေးရေး အဖွဲ့အစည်းများဖြစ်သည့် မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့ သတ္ထုတွင်း၊ ရေနံ နှင့် ဓာတ်ငွေ့ တူးဖော်ရေးဌာနစသည်တို့သည် သတ်မှတ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ရန် အတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ရေး၊ ထိန်းသိမ်းကြပ်မတ်ရေး၊ စည်းရုံးသိမ်းသွင်းရေးစသည့် အဓိက တာဝန်များကိုထမ်းဆောင်လျက်ရှိပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိ လိုက်စားသည်ဟု သံသယဖြစ်သော အဖွဲ့အစည်းများကို စုံစမ်းစစ်ဆေးနိုင်ပါသည်။ မြန်မာနိုင်ငံရှေ့နေချုပ်ရုံး အနေဖြင့် ဘက်ပေါင်းစုံ လွှမ်းခြုံပါဝင်သည့် ဥပဒေမူဘောင်တစ်ခုကို ရေးဆွဲပေးနိုင်ပြီး လွှတ်တော်သည် လိုအပ် သည့် ဥပဒေမူဘောင်ကို ပေးအပ်နိုင်ပါသည်။ 

အဓိကလေ့လာတွေ့ရှိချက်များ

ကုမ္ပဏီ အများအပြားသည် အချက်အလက်တင်သွင်းမှု လုံးဝမပြုလုပ်ခြင်း (သို့မဟုတ်) သတ်မှတ်ရက်ထက် နောက်ကျတင်သွင်းခြင်းများကိုတွေ့ရပါသည်။ ပထမအဆင့်အနေဖြင့် တင်သွင်းသည့် ကုမ္ပဏီ စုစုပေါင်း ၁၆၂ ခုတွင် ကုမ္ပဏီ ၂၄ ခု (၁၅%) သည် လုံးဝတင်သွင်းခြင်းမပြုဘဲ အခြား ကုမ္ပဏီ ၁၇ ခု (၁၀%) မှာမူ သတ်မှတ် ရက်ထက် နောက်ကျတင်သွင်းသည်ကို တွေ့ရှိရပါသည်။   အနာဂတ်တွင် မြန်မာအစိုးရအနေဖြင့် စီးပွားရေး အဖွဲ့အစည်းများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ဥပဒေသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသော ကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ကြီးမားသည့် ဒဏ်ငွေ ချမှတ်ခြင်းစသည့် ထိရောက်သော အရေးယူ ဆောင်ရွက်မှုများကို စံပြအနေဖြင့် ပြုလုပ်ရန် လိုအပ်ပါသည်။

ကုမ္ပဏီများမှ တင်သွင်းသည့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက် အများအပြားသည် ပြည့်စုံမှု မရှိသည်ကို တွေ့ရှိရပါသည်။ ကုမ္ပဏီ ၃ ခုတို့သည် သတ်မှတ်ချက်နှင့်ကိုက်ညီသော တရားဝင် ပိုင်ရှင်များအား အကျိုးအမြတ်ရယူပိုင်ဆိုင်သူများအဖြစ် စာရင်းသွင်းဖော်ပြရန် ပျက်ကွက်ခဲ့ပါသည်။ ကုမ္ပဏီ ၅ ခုမှ အဖွဲ့အစည်း ပိုင်ရှင်များစာရင်း တင်သွင်းရာတွင် ၎င်းတို့၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများသည် မည်သူတို့ဖြစ်သည်ဟူသော အချက်အလက်များ ပါဝင်ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ နိုင်ငံခြား အစိုးရပိုင် ကုမ္ပဏီ ၃ ခု မှ တင်သွင်းသော အချက်အလက်များမှာ ပြည့်စုံခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ တင်သွင်းသည့် ကုမ္ပဏီ စုစုပေါင်း ၁၆၂ ခုအနက် ၁၁ ခု (၇ %) မှာ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက် ပြည့်စုံမှု မရှိသည်ကို တွေ့ရှိရပါသည် ။

နိုင်ငံရေးအရ ဩဇာတိက္ကမ ရှိသူများ (PEPs)  နှင့် ပတ်သက်သည့် အချက်အလက်များမှာ အလွန်တရာ အားနည်း လှပါသည်။ မြန်မာ့တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (MEITI) ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့၏ အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုချက်အရ နိုင်ငံရေးအရ ဩဇာတိက္ကမရှိသူများ ဆိုသည်မှာ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာရေးရာများတွင် အရေးပါသော တိုင်းပြည် (ပြည်သူ့) တာဝန်များကိုထမ်းဆောင်ရန် ယုံကြည်အပ်နှံခြင်းခံရသူဖြစ်ပါသည်။ ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုနှင့် ရာထူးဌာန္တရများကြောင့် ရာထူးလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ငွေကြေးစီးဆင်းမှုကို ဖုံးကွယ်ရန် (သို့မဟုတ်) နိုင်ငံရေးမျက်နှာသာ ရရှိမှုများအတွက် အဂတိလိုက်စားမှု သက်ရောက်နိုင်ခြေ အန္တရာယ်မြင့်မားပါသည်။ အဆိုပါ ပုဂ္ဂိုလ်များ၏ အခန်းကဏ္ဏနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန် အထူးလိုအပ်ပါသည်။ ကုမ္ပဏီ ၈ ခု (၅ %) ကသာ ၎င်းတို့၏ ပိုင်ရှင်များတွင် MEITI အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ ၏ အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုချက်အရ PEP ဟုယူဆနိုင်သူ တစ်ဦး သို့မဟုတ် တစ်ဦးထက် ပို၍ ပါဝင်သည်ဟု ထုတ်ဖော် ကြေညာထားပါသည်။

မြန်မာ့စီးပွားရေးကဏ္ဏ အထူးသဖြင့် သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် နိုင်ငံရေးနယ်ပယ် နှင့် ပတ်သက် ဆက်နွယ်နေသည့် ဩဇာတိက္ကမရှိသည့် လုပ်ငန်းရှင်ကြီးများ နယ်ပယ်အနှံ့ လွှမ်းမိုးနေခြင်းကြောင့် PEP များ ပါဝင်မှု အလွန်နည်းပါးနေခြင်းသည်  ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးပါသည်။ မြန်မာ့နိုင်ငံရှိ အချို့သော လုပ်ငန်းကဏ္ဏများတွင် နိုင်ငံရေးဩဇာတိက္ကမရှိသူများနှင့် အဆက်အသွယ်ရှိရန်လိုအပ်ခြင်းသည် စံသတ်မှတ်ချက် တစ်ခုအဖြစ် ရှုမြင်ထားကြပါသည်။   ကျွန်ုပ်တို့ အဖွဲ့အစည်းအနေဖြင့်  နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များ နှင့် ပတ်သက်ဆက်နွယ်မှုရှိသော ကုမ္ပဏီ ၁၀ ခု (၆%) ကို ထပ်မံဖော်ထုတ်ထားပါသည်။ Global Witness မှ ပြုလုပ်ခဲ့သော သထ္ထုတူးဖော်ရေးကဏ္ဏအတွင်း စစ်တပ် နှင့် လက်နက်ကိုင် အဖွဲ့များ၏ ပါဝင်ပတ်သက်မှု အတိုင်းအတာ သုတေသန လေ့လာချက်များကို ထောက်ရှုခြင်းအားဖြင့် ဤတွေ့ရှိမှု ပမာဏသည် အဖျားအနား မျှသာရှိပါသေးသည်။

အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်သည့် အများပြည်သူ လေ့လာသိရှိနိုင်မည့် သမိုင်းမော်ကွန်းတိုက် မရှိသေးပါ။ ယခုအကြိမ်သည် မြန်မာနိုင်ငံ၏ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ၊ အစုရှယ်ယာရှင်များစာရင်းကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်မှု ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ သို့ရာတွင် ထိုသို့ထုတ်ပြန်ခြင်းသည် နောက်ဆုံးအကြိမ် ဖြစ်နိုင်ဖွယ် မရှိပါ။ ကုမ္ပဏီအားလုံးနီးပါး၏ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ ဖွဲ့စည်းပုံသည် အချိန်နှင့်လိုက်၍ ပြောင်းလဲမည်ဖြစ်သော်လည်း DICA ၏ အချက်အလက် အစုအဝေး (Database) တွင် အဆိုပါပြောင်းလဲမှုများကို ခြေရာခံ စစ်ဆေးနိုင်မည့် ကောင်းမွန် သော စနစ်တစ်ခု မရှိသေးပါ။ သတင်းအချက်အလက်များ ပထမဆုံး ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းတွင် ကုမ္ပဏီ အများအပြားသည် ၎င်းတို့၏ စာရွက်စာတမ်း အချက်အလက်များကို နောက်ဆုံး အခြေအနေနှင့်ကိုက်ညီအောင် ပြင်ဆင်ကြပြီးဖြစ်ပါသည်။ DICA ၏ အချက်အလက်အစုအဝေးတွင် ကုမ္ပဏီများမှ ပြုလုပ်ထားသည့် အပြောင်းအလဲများနှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ မရှိပါ။ သမိုင်းကြောင်း အချက်အလက်များသည် ကုမ္ပဏီများ နှင့် လူပုဂ္ဂိုလ်များ၏ ဆက်နွယ်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရန်အတွက် အထူး လိုအပ်သကဲ့သို့ ထိရောက်သော အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အမည်စာရင်းတင်သွင်းမှုတိုင်းအတွက် မရှိမဖြစ် အရေးပါ သော လုပ်ငန်းစဉ်တစ်ခုလည်းဖြစ် ပါသည်။

အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ထုတ်ရန် သတ်မှတ်များတွင် ထိရောက်သော ပြစ်ဒဏ်များလည်းပါဝင်ရန် အရေးကြီးပါသည်။ အဓိကအားဖြင့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု အမည်စာရင်းတင်သွင်းရာတွင် တင်ပြထားသည့် အချက်အလက်များ မှန်ကန်တိကျမှု ရှိမှသာလျှင် အသုံးဝင်မည်ဖြစ်ပါသည်။ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု နှင့်ပတ်သက်သည်တို့ကို သင့်လျော်မှန်ကန်စွာ တင်ပြရန် တွန်းအား၊ ဆွဲဆောင်မှု စသည်တို့ မရှိပါက ၎င်းတို့ထံမှရရှိမည့် အချက်အလက်များသည်လည်း ပြည့်စုံတိကျလိမ့်မည် မဟုတ်ပါ။ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့၊ DICA နှင့် အခြား အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် တိကျပြည့်စုံသော အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ သတင်းအချက်အလက်များ တင်သွင်းရန် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကုမ္ပဏီများအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားထားရန် အထူးလိုအပ်ပါသည်။ ထိုသို့ပြုလုပ်ရန် ပျက်ကွက်သော အဖွဲ့အစည်းများအား ဒဏ်ခတ်အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ရန် ကျွန်ုပ်တို့အနေဖြင့် အကြံပြုတိုက်တွန်းလိုပါသည်။ ဥပမာအားဖြင့် သယံဇာတတူးဖော် ထုတ်လုပ်နေသော ကုမ္ပဏီများအား လုပ်ငန်းခွင့်ပြုချက် သို့မဟုတ် စျေးပြိုင်လျှောက်ထားခွင့် ပိတ်ပင်ခြင်းစသည်တို့ဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာလုပ်ဆောင်မှု အားကောင်းစေရန် နှင့် ထိုအစဉ်အလာကို ထိန်းသိမ်းနိုင်ရန် သင့်လျော်သော စည်းကမ်းကြပ်မတ်မှုစနစ်များ အထူးလိုအပ်ပါသည်။

Contacts

Sam Leon headshot

Sam Leon, Data Investigations Lead

[email protected]