မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ကြောင်း သတင်းများအား ယနေ့ ကြားသိခဲ့ရပြီး Global Witness ၏ Campaign Leader ဖြစ်သူ Paul Donowitz က အောက်ပါအတိုင်းပြောဆိုခဲ့ပါသည် - 

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် လေးနှစ်ကျော် သက်တမ်းအတွင်း မြန်မာနိုင်ငံရှိ အကျင့်ပျက်ခြစားမှု များ နှင့် ပဋိပက္ခများကို အဓိပ္ပာယ်ပြည့်ဝစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းမရှိပေ။ တိုင်းပြည်သည် အကြမ်းဖက်မှု ဒဏ်များကို ခံစားနေရဆဲဖြစ်ပြီး အကျိုးအမြတ်များစွာရရှိသော သဘာဝသယံဇာတ ကဏ္ဍ၊ အထူးသဖြင့် ဒေါ်လာ ဘီလီယံပေါင်းများစွာတန်သည့် ကျောက်စိမ်းကုန်သွယ်ရေးကဏ္ဍအပါအဝင် စီးပွားရေးတွင်လည်း စစ်တပ်နှင့် အကျိုးစီးပွားဆက်နွယ်နေသူများကသာ ကြီးစိုးခြယ်လှယ်နေဆဲဖြစ်သည်။ တပ်မတော်၏ စီးပွားရေး အင်အားသည် ၎င်းတို့အား နိုင်ငံရေးတွင် ဆက်လက်ဩဇာတည်မြဲနိုင်စေရန် အထောက်အကူပြုပြီး ရိုဟင်ဂျာ နှင့် အခြားသော တိုင်းရင်းသား လူနည်းစုများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ငွေကြေး အထောက်အပံ့ဖြစ်စေလျက် ရှိပါသည်။

NLD အနေဖြင့် ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မှုကြောင့် အသစ်တစ်ဖန်ရရှိလာသည့် လုပ်ပိုင်ခွင့်များအား အသုံးပြု၍ ပဋိပက္ခများကို ဆက်လက်ဖြစ်ပွားနေစေသည့် ငွေကြေးအရင်းအမြစ်များကို ကိုင်တွယ်ခြင်း၊ ကျောက်စိမ်းကုန်သွယ်မှုလုပ်ငန်းအတွင်း အကျင့်ပျက်ခြစားမှုများကို သန့်စင်ဖယ်ရှားခြင်း နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲရေးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားရှိခြင်းတို့ကို အခွင့်အလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အလားတူပင် ​NLD အနေဖြင့် ရွေးကောက်ပွဲ ဖျက်သိမ်းခံရသည့်ဒေသများအတွင်း တရားဝင်ကိုယ်စားပြုမှုရှိကြောင်း သေချာစေရေး လုပ်ဆောင်ရန်၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရများနှင့် အာဏာမျှဝေအသုံးပြုသည့် အဓိပ္ပာယ်ပြည့်ဝသော ဗဟိုချုပ်ကိုင်မှု  လျော့ချခြင်းကို လုပ်ဆောင်ရန်တို့သည်လည်း အရေးကြီးပါသည်။”