သတင်းထုတ်ပြန်ချက် | July 22, 2020

ြန်မာနိုင်ငံရှိ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ သတင်းအချက်အလက်များ ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာမှုအပေါ် စိစစ်လေ့လာချက် - မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ခြေလှမ်းတစ်ရပ်ဖြစ်သော်လည်း ကြီးမားသည့် ပြဿနာများ ရှိနေဆဲဖြစ်သည်။

ဖြင့် ဤအကြောင်းအရာကို ဖတ်ပါ:

English

မြန်မာနိုင်ငံ၏ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ပြန်ကြေညာမှုသည် ပဋိပက္ခများ၊ ပြဿနာများ ပြည့်နှက်လျက်ရှိသည့် ရေနံ၊ ဓာတ်ငွေ့ နှင့် သတ္တုတူးဖော်ရေးကဏ္ဏများ တိုးတက်ကောင်းမွန်လာစေရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သော်လည်း အချက်အလက်များနှင့်ပတ်သက်သည့် ကြီးမားသော ပြဿနာများကို ဖြေရှင်းရန် လိုအပ် နေကြောင်း Global Witness ၏ စိစစ်လေ့လာမှုအသစ်က ပြသနေပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခများ၊ ပြဿနာများ ပြည့်နှက်လျက်ရှိသည့် သယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍများအတွင်းရှိ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်း၊ ထုတ်ပြန်ကာ အမြတ်အစွန်း ကြီးမားစွာ ရရှိနေသော ရေနံ၊ ဓာတ်ငွေ့ နှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီများစွာ တို့ကို မည်သူမည်ဝါတို့မှ ထိန်းချုပ်ပိုင်ဆိုင်ထားကြောင်း ချပြခြင်းဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ တွင် အရေးပါသည့် ခြေလှမ်းတစ်ရပ်ကို စတင်ပြုလုပ်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထုတ်ပြန်ကြေညာ ထားသည့် အချက်အလက်များအတွင်းရှိ ပြဿနာများစွာကို မြန်မာအစိုးရအနေဖြင့် ဖြေရှင်းရန် လိုအပ်နေပြီး ကုမ္ပဏီများအနေဖြင့်လည်း သတင်းအချက်အလက်များအား ကတ်ကဝတ်ပြုထားသည့်အတိုင်း ပေးအပ်ရန် အတွက် ထုတ်ဖော်ကြေညာမှုများကို အလေးအနက်ထား ဆောင်ရွက်ရန် လိုအပ်နေသည်ဟု Global Witness ၏ ယနေ့ထုတ်ပြန်ခဲ့သည့် Out of the Shadows အစီရင်ခံစာသစ်တွင် ဖော်ပြထားပါသည်။

ဤသို့ မြန်မာ့စီးပွားရေး၏ အမြတ်အစွန်း ကြီးမားစွာရရှိနေသည့် ကဏ္ဍအတွင်း စစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ခရိုနီကုမ္ပဏီများနှင့်ဆက်စပ်နေသော ပွင့်လင်းမြင်သာမှုမရှိသည့် ကုမ္ပဏီ ကွန်ရက် များ၏ ချုပ်ကိုင်ကြီးစိုးမှုကို ကာလအလွန်ရှည်ကြာစွာ ခံခဲ့ရခြင်းကြောင့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ တိကျစွာ ထုတ်ဖော်ကြေညာရေးသည် မြန်မာနိုင်ငံ၏ သယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍများအတွက်အထူးပင် အရေးပါ ပါသည်။ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေညာရန် သတ်မှတ်ပြဌာန်းချက်များသည် လျှို့ဝှက်ဖုံးကွယ်မှုများကို ဖွင့်ချဖော်ထုတ်နိုင်ပြီး မြန်မာပြည်သူများအနေဖြင့် မိမိတို့နိုင်ငံရှိ လုပ်ငန်းများ၊ ကုမ္ပဏီများ၏ ပိုင်ရှင်အစစ်အမှန်ကို ပထမဆုံးအကြိမ်အဖြစ် သိရှိခွင့် ရရှိစေနိုင်မည့် အလားအလာရှိပါသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရေး မြို့တော်ဖြစ်သည့် ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်သူ ၂၀၀ ခန့် မြေစာပုံပိ၍ သေဆုံးခဲ့ကြရသည့်ဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ သယံဇာတ တူးဖော်ထုတ်လုပ်ရေးကဏ္ဍတွင် ပိုမိုကောင်းမွန်သည့် စီမံအုပ်ချုပ်မှု လိုအပ်နေကြောင်းကို တစ်ကမ္ဘာလုံးကို သိသိသာသာ နှိုးဆော်လိုက် ခြင်းဖြစ်သည်။ ဤဖြစ်ရပ်ဆိုးသည် သေကြေမှုအများဆုံး မြေပြိုမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သို့ရာတွင် စိတ်မကောင်းဖွယ်မှာ ယင်းသည် တစ်ကြိမ်တစ်ခါတည်း ဖြစ်ပွားသည့် ဖြစ်ရပ်မဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း အလားတူဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိပါသည်။ ထိုသို့သော ကျောက်စိမ်းမြေစာပုံများ ပြိုကျမှုများအားလုံး နည်းတူ ယခင်ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါကြေကွဲဖွယ်ဖြစ်ရပ်သည်လည်း ကြိုတင်ကာကွယ် ရန် ဖြစ်နိုင်ခဲ့သော်လည်း တရားမဝင် လောဘဇောတိုက် သတ္တုတူးဖော်မှု အလေ့အထများအပေါ် အစိုးရ၏ ဆက်လက် မျက်ကွယ်ပြုနေမှုများကြောင့် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။ 

Global Witness အနေဖြင့် မြန်မာနိုင်ငံ၏ သယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍအတွင်း တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး နှင့် ထိုသို့ဖြစ်လာစေရေးအတွက် အရေးပါသည့် ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ပွင့်လင်း မြင်သာမှုရှိလာစေရေးတို့အတွက် နှစ်ပေါင်းများစွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။ သို့တိုင် ပထမအသုတ် ထုတ်ပြန် ကြေညာခဲ့သည့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ သတင်းအချက်အလက်များအပေါ် ကျွန်ုပ်တို့၏ စိစစ် လေ့လာချက်အရ ဤစီမံကိန်းသည် ပြည့်စုံမှုမရှိ ဖြစ်နေဆဲဖြစ်ပါသည်။ သတင်းအချက်အလက်များ တင်ပြရန် သတ်မှတ်ထားသည့် ကုမ္ပဏီများ၏ သုံးပုံတစ်ပုံကျော်တို့သည် တိကျမှုမရှိသည့် အချက်အလက်များကို တင်ပြခဲ့ခြင်း၊ တင်ပြမှု လုံးဝမရှိခြင်း သို့မဟုတ် နောက်ကျ၍ တင်ပြခဲ့ခြင်းများ ရှိခဲ့ကြသည်။ ယင်းတို့အနက် ၎င်းတို့၏ အကျိုးအမြတ်ရရှိ ပိုင်ဆိုင်သူများအား “နိုင်ငံရေးအရ ဩဇာတိက္ကမ ရှိသူများ” (ရာထူးလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ငွေကြေးစီးဆင်းမှုကိုဖုံးကွယ်နိုင်သော(သို့မဟုတ်) အဂတိလိုက်စားမှုများကို ပံ့ပိုးနိုင်သော  ထင်ရှားသည့်  အထင်ကရ ပုဂ္ဂိုလ်များ နှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသည့် ပုဂ္ဂိုလ်များ) အဖြစ် ဖော်ပြရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများလည်း ပါဝင်ပါသည်။

“နိုင်ငံ၏ သယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍကို ထိန်းချုပ်ထားသည့် ပုဂ္ဂိုလ်များနှင့်ပတ်သက်၍ အရည် အသွေးမြင့်မားပြီး မည်သူမဆို လွတ်လပ်စွာ ရယူနိုင်သည့် အချက်အလက်များသည် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ နှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မိမိတို့၏ စီးပွားဖက်များသည် မည်သူမည်ဝါတို့ ဖြစ်ကြကြောင်း နားလည်သဘောပေါက်နိုင်စေရန်အတွက် အရေးကြီးပါသည်။ ယင်းသည် မြန်မာနိုင်ငံရှိ အမြတ်အစွန်း အကြီးမားဆုံး ရရှိနေသည့် ကုမ္ပဏီ အချို့မှ အကျိုးအမြတ်များကို အမှန်တကယ် ရရှိနေသူများ မှာ မည်သူတို့ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်စေကာ သက်ဆိုင်ရာ အာဏာပိုင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုအားကောင်းအောင် တွန်းအားပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာ များ နှင့် ပြည်သူလူထုတို့ကိုလည်း အကူအညီပေးပါသည်။” ဟု Global Witness ၏ မြန်မာနိုင်ငံဆိုင်ရာ Campaign Leader ဖြစ်သူ Paul Donowitz က ပြောကြားပါသည်။ 

သယံဇာတ ကြွယ်ဝသည့် တိုင်းရင်းသားဒေသများမှ သဘာဝ သယံဇာတများကို တူးဖော်ထုတ်ယူရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းသည် အဆိုပါ ဒေသများအတွင်း အကြမ်းဖက် ပဋိပက္ခများ ကျူးလွန်ရန် နှင့် ယင်းတို့ကို ရန်ပုံငွေပံ့ပိုးရန် အထောက်အကူပြုနေပါသည်။ ကချင်ပြည်နယ်ရှိ ဘီလီယံပေါင်းများစွာ တန်ဖိုး ရှိသည့် ကျောက်စိမ်းကုန်သွယ်မှုများအား ဥပမာအားဖြင့် တပ်မတော်အရာရှိများ၊ အခြားသော လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်နေသူများမှ မည်သို့ ထိန်းချုပ်ထားကြောင်း Global Witness အနေဖြင့် ယခင်က ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ထို့ပြင် စစ်တပ်၏ စီးပွားရေးအကျိုးစီးပွားများ၏ သဘောသဘာဝ နှင့် နယ်ပယ်တို့ကို ပိုမို ရှင်းလင်းစွာ သိရှိ နားလည်အောင် ဆောင်ရွက်ရန် လိုအပ်မှုကို ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာများအပေါ် လူမျိုးရေး သန့်စင်မှုများအတွင်း စစ်တပ်၏ ပါဝင်ပတ်သက်မှုများ နှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်ပြည်နယ် နှင့် အခြား တိုင်းရင်းသားဒေသများတွင် စစ်တပ်မှ ကျူးလွန်ခဲ့သည့် နှိပ်စက်ညှင်းပန်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြထားသည့် အစီရင်ခံစာများက  မီးမောင်းထိုးပြလျက် ရှိပါသည်။

ကုမ္ပဏီ ၈ ခုတို့က ၎င်းတို့၏ ပိုင်ရှင်များတွင် နိုင်ငံရေးအရ ဩဇာတိက္ကမ ရှိသူအဖြစ် ယူဆနိုင်သူ တစ်ဦး သို့မဟုတ် တစ်ဦးထက် ပို၍ ပါဝင်သည်ဟု ထုတ်ဖော်ကြေညာခဲ့ပါသည်။ သို့ရာတွင် ထုတ်ဖော်ကြေညာ ထားခြင်း မရှိသည့် နိုင်ငံရေးဆိုင်ရာ ဆက်နွယ်မှုများ ရှိနိုင်ခြေရှိသည့် နောက်ထပ် ကုမ္ပဏီ ၁၀ ခုတို့ကို Global Witness က ဖော်ထုတ်ခဲ့ပါသည်။ ဤတွေ့ရှိမှု ပမာဏသည် အဖျားအနားမျှသာ ရှိပါသေးသည်။

ကျွန်ုပ်တို့၏ စိစစ်လေ့လာမှုအတွင်းရှိ အထင်ကရ ဖြစ်ရပ်လေ့လာမှုတစ်ခုမှာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ လီမိတက် (MEHL) ၏ ထုတ်ဖော်ကြေညာမှုဖြစ်ပါသည်။ အဆိုပါ ကုမ္ပဏီသည် မြန်မာ့အဖျော်ယမကာ လုပ်ငန်း (Myanmar Brewery) နှင့် မြဝတီဘဏ်တို့ကဲ့သို့သော ပြည်တွင်းရှိ အကျိုးအမြတ် အများဆုံး ရရှိနိုင်သည့် စီးပွားရေးလုပ်ငန်းအချို့တွင် ပိုင်ဆိုင်မှုများရှိနေဆဲဖြစ်ပါသည်။ ယင်းသည် ၂၀၁၆ ခုနှစ်အတွင်း လိုင်စင် ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့စဉ်ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်အများဆုံးပိုင်ဆိုင်ထားသည့် ကုမ္ပဏီ ဖြစ်သော မြန်မာအင်ပီးရီးရယ်ဂျိတ် ကုမ္ပဏီအပါအဝင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီအခွဲများစွာ တို့ကိုလည်း ထိန်းချုပ်ထားပါသည်။ MEHL မှ တင်ပြခဲ့သည့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက်များ အတွင်း မတိကျမှုများ နှင့် စိုးရိမ်ပူပန်ဖွယ်များစွာ ရှိနေပါသည်။ ယင်းတို့အနက် ကုမ္ပဏီ၏ တရားဝင် ရှယ်ယာ ပိုင်ဆိုင်သူများကို ထုတ်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းများ နှင့် ထုတ်ဖော်ကြေညာထားသည့် အကျိုးအမြတ် ရရှိ ပိုင်ဆိုင်သူ သုံးဦးစလုံးသည် ရာထူးကြီးမားသည့် အငြိမ်းစား နှင့် တာဝန်ထမ်းဆောင်နေဆဲ တပ်မတော် အရာရှိကြီးများ ဖြစ်ကြသော်လည်း PEP များအဖြစ် ဖော်ပြထားမှု မရှိခြင်းတို့ ပါဝင်ပါသည်။  

အဆိုပါ ပျက်ကွက်မှုများသည် ဖားကန့်တွင် ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြေပြိုမှုကို စုံစမ်းစစ်ဆေး သည့် အဖွဲ့တွင် တပ်မတော်အရာရှိတစ်ဦးဖြစ်သူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား အစိုးရမှ ခန့်အပ်ခဲ့သည့်အခါတွင် ပိုမို၍ ဆီလျော်မှုရှိလာပါသည်။ ကျောက်စိမ်းတူးဖော်မှု ကဏ္ဍအတွင်း စစ်တပ်၏ ကြီးမားကျယ်ပြန့်သည့် အကျိုးစီးပွားများရှိနေခြင်းကြောင့် ယင်းသည် အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွား ပဋိပက္ခတစ်ခု ဖြစ်နေသလို ပုဂ္ဂလိက အကျိုးစီးပွား ပဋိပက္ခလည်း ဖြစ်နိုင်ပါသည်။ MEHL အနေဖြင့် ၎င်း၏ ရှယ်ယာပိုင်ရှင်များအား အစီရင်ခံတင်ပြရန် ပျက်ကွက်ခဲ့ခြင်းကို ထောက်ရှုခြင်းဖြင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် သည် ကုမ္ပဏီနှင့် တိုက်ရိုက်အကျိုးစီးပွား ပတ်သက်မှု တစ်စုံတစ်ရာ ရှိမရှိကို ကျွန်ုပ်တို့အနေဖြင့် တိတိကျကျ မပြောနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ကုမ္ပဏီအား အဆင့်မြင့် တပ်မတော်အရာရှိကြီးများမှ ပိုင်ဆိုင်သည်ဟု လူသိများသည့် အချက်ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည်လည်း MEHL တွင် သိသာများပြားသည့် ပိုင်ဆိုင်မှုများ ရှိနေနိုင်သဖြင့် စံတင်လောက်သည့် အကျိုးစီးပွားပဋိပက္ခတစ်ခု ဖြစ်လာနိုင်ပါသည်။ ပိုင်ဆိုင်မှု များအား ထုတ်ဖော်ကြေညာရန် အရေးကြီးပါသည်။ 

မြန်မာအစိုးရအနေဖြင့် စီးပွားရေး အဖွဲ့အစည်းများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ဥပဒေသတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသော ကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ကြီးမားသည့် ဒဏ်ငွေ ချမှတ်ခြင်းစသည့် ထိရောက်သော အရေးယူ ဆောင်ရွက်မှုများကို စံပြအနေဖြင့် ပြုလုပ်ရန်အတွက် Global Witness မှ တောင်းဆိုအပ်ပါသည်။  

“အဓိကအားဖြင့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု အမည်စာရင်းတင်သွင်းရာတွင် တင်ပြထားသည့် အချက်အလက် များ မှန်ကန်တိကျမှု ရှိမှသာလျှင် အသုံးဝင်မည်ဖြစ်ပါသည်။ အချက်အလက်များ၏ တိကျမှန်ကန်မှုကို သေချာစေရန်အတွက် လိုက်နာသည့် ကုမ္ပဏီများအတွက် ဆွဲဆောင်မှုများ ထားရှိကာ တိကျမှန်ကန်သည့် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များကို တင်ပြရန် ပျက်ကွက်သည့် ကုမ္ပဏီများအတွက် ရှင်းလင်းသည့် အကျိုးဆက်များ သတ်မှတ်ထားရှိရန် လိုအပ်ပါသည်။” ဟု Mr.Donowitz က ဆိုကြပါသည်။ 

/ပြီးဆုံးသည်

Contacts

You might also like

  • Briefing

    Out of the shadows

    Myanmar’s first ever disclosure of beneficial ownership information is an important step forward for the troubled oil, gas and mining sector, but major problems with the data must be addressed
    Big machines are used to excavate jade in Hpakant, Myanmar