Blog / July 16, 2018

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်ရေး ဆောင်ကျဉ်းပေးနိုင်သူ ဖြစ်နိုင်မလား

မြန်မာနိုင်ငံ နေပြည်တော်တွင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အပြီးသတ်နေချိန်တွင် တရုတ်နိုင်ငံသည် ကန့်လန့်ကာနောက်ကွယ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ ကိုယ်စားလှယ်များသည် ကမ္ဘာ့အင်အားကြီးနိုင်ငံကြီး၏ ဖိအားကြောင့်  ဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ နယ်စပ်တစ်လျှောက် တည်ငြိမ်မှု  လိုလားဟန်ပြချက်ကို ရှီကျင့်ပင်း၏ အထင်ကရ အစီအစဉ်တစ်ခုဖြစ်သည့် အာရှတစ်လွှားတွင် ပမာဏကြီးမားသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းဖြစ်သည့် “ခါးပတ်ရပ်ဝန်းတစ်ခု လမ်းမတစ်ခု” ခြေလှမ်း နှင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် အခြားအရင်းအမြစ်များအပေါ် အာသာငမ်းငမ်းလိုလားနေပုံတို့ကြောင့် ဖြစ်ပေါ်လာသော မျှော်လင့်မထားသည့်သက်ရောက်မှုများက အခက်တွေ့စေနိုင်သည်။    

ဤငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် အများ၏မျှော်လင့်ချက်များမှာ အနိမ့်ဆုံးအနေအထားတွင် ရှိနေသည်။ လွန်ခဲ့သောနှစ်အတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ခိုက်မှုများ သိသိသာသာ အရှိန်မြင့်မားလာလျက်ရှိသည်။ မြန်မာစစ်တပ်သည် KIA ကို ကျောက်စိမ်း၊ ပယင်းနှင့် ရွှေတွင်းများမှ ဗျူဟာကျသည့် ဝင်ငွေများဖြတ်တောက်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ယင်းအချိန်တွင် အရေးပါသည့် ထိလွယ်ရှလွယ်ကိစ္စရပ်များဖြစ်သည့် လူနည်းစုအခွင့်အရေးများ နှင့် ဖက်ဒရယ်ဝါဒတို့ကို စားပွဲဝိုင်းတွင် ဆွေးနွေးမည်မဟုတ်ဟု စစ်တပ်က ဆွေးနွေးပွဲများမတိုင်မီ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စစ်တပ်သည် ကာလတာရှည်ဖြစ်ပွားနေသော ပဋိပက္ခများသည် တိုင်းရင်းသားအုပ်စုများကြောင့်ဖြစ်ကြောင်း ညီလာခံ အစပိုင်းတွင် ပြစ်တင်ပြောကြား ခဲ့သည်။ 

Villager sits with her child watching the operations of one of a major jade company

Villager sits with her child watching the operations of a major jade company in Hpakant (Minzayar Oo)

တရုတ်နိုင်ငံသည် ယင်း၏ နယ်နိမိတ်များကို ပဋိပက္ခသက်ရောက်ခြင်းမရှိစေရန် ကာကွယ်ခြင်း၊ မြန်မာနိုင်ငံတွင်းရှိ ၄င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ခြင်း စသည်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသကဲ့သို့ အခြားမည်သည့် ပြင်ပဇာတ်ကောင်ထက်မဆို အင်အားကြီးမားသက်ရောက်နိုင်စွမ်းရှိနေသည်။ တရုတ်နိုင်ငံသည်  ပဋိပက္ခ၏ နှစ်ဘက်စွန်းမှ အဖွဲ့များကို စုစည်းတွေ့ဆုံစေခြင်း၊ မကြာမီလများအတွင်းက KIA နှင့် မြန်မာစစ်တပ်တို့အကြား စေ့စပ်ညှိနှိုင်းပွဲများကို ယူနန်ပြည်နယ်တွင် လက်ခံကျင်းပပေးခြင်း နှင့် ယခုအကြိမ်မတိုင်မီ နောက်ဆုံးကျင်းပခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်  နောက်ဆုံးအချိန်ကပ်၍ ဝအဖွဲ့ကိုယ်စားလှယ်များကို  လေကြောင်းဖြင့် ပို့ဆောင် တက်ရောက်စေခဲ့ခြင်း စသည်ဖြင့် ၄င်း၏ လွှမ်းမိုးသက်ရောက်မှုဖြင့် အဆုံးအဖြတ်ပြုနိုင်ကြောင်း လက်တွေ့ပြခဲ့သည်။ 

တင်းမာမှုများသည် အခြေခံကျသော တိုင်းရင်းသားလူမျိုးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ကိစ္စများထက် ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းကြောင့်ဖြစ်ရသည်ဟူသော ယုံကြည်မှုကို တရုတ်နိုင်ငံသည်  ထောက်ခံပံ့ပိုးပေးကာ ၄င်း၏ နယ်စပ်တစ်လျှောက်တွင် တည်ငြိမ်မှုကို လိုလားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၄င်း၏ စိတ်ပါဝင်စားမှုကို များသောအားဖြင့် အဆိုပါအချက်အလက်များဖြင့် ဘောင်ခတ်သတ်မှတ်လေ့ရှိသည်။

 “ခါးပတ်ရပ်ဝန်းတစ်ခု လမ်းမတစ်ခု” ခြေလှမ်းသည် ဒေသတွင်း တည်ငြိမ်မှုများကို  ဆောင်ကျဉ်းပေးနိုင်မည့် အဓိကကျသော အရာတစ်ခုဖြစ်လာမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ယခုလအတွင်းက ပြောဆိုခဲ့ သည်။ သို့ပါသော်လည်း မြန်မာနိုင်ငံတွင်း ယခင်ကလုပ်ဆောင်ခဲ့သော ပမာဏကြီးမားသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ၏ အတွေ့အကြုံများက ဆန့်ကျင်ဘက်သို့ ညွှန်ပြနေသည်။ တိုင်းရင်းသား ကချင်လူ့အဖွဲ့အစည်းအတွင်းတွင် ခါးသီးသော အမွေများသာ ကျန်ရစ်နေစေခဲ့သည့် လက်ရှိတွင် ဆိုင်းငံ့ထားသော  ရေအားလျှပ်စစ်စီမံကိန်းကြီး တစ်ခုဖြစ်သည့်  မြစ်ဆုံဆည် အပါဝင်သယံဇာတအရင်းအမြစ်များ၏ တွန်းအားများကြောင့် KIA နှင့် မြန်မာစစ်တပ်အကြား နှစ်ပေါင်း ၂၀ ခန့် ရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၁ ခုနှစ်တွင်  ပျက်ပြားစေခဲ့သည်။ မြန်မာစစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ထိန်းချုပ်ထားသော နယ်မြေများကို သိမ်းပိုက်ရန်ကြိုးပမ်းနေသည်နှင့်အမျှ အလုံးစုံလွှမ်းခြုံသော ငြိမ်းချမ်းရေးသဘောတူညီချက်ထက် ဖွံ့ဖြိုးတိုးတက်မှုများကိုသာ ဦးစားပေးနေခြင်းကြောင့် ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများဒဏ်ကို ခံစားနေရသော လူ့အဖွဲ့အစည်းများသည် ဖယ်ကြဉ်ချန်လှပ်ခံရခြင်းတွေ့ကြုံရနိုင်သည်။ ၂၀၁၁ ခုနှစ်မှ အစပြု၍ လူပေါင်း ၁၅၀၀၀၀ ကျော်သည် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းခဲ့ကြရသည်။ 

သယံဇာတများကို ထိန်းချုပ်ခွင့်သည် ကချင်ပဋိပက္ခကို စစ်တပ်၏ ချဉ်းကပ်မှု၌ နက်နက်နဲနဲ ယှက်နွယ်လျက်ရှိကာ ယင်းကို စစ်တပ်နှင့်ဆက်စပ်သော ကုမ္ပဏီများ၏ အကျိုးစီးပွားများက မီးထိုးပေးနေသည်။ ခါးပတ်ရပ်ဝန်းတစ်ခု လမ်းမတစ်ခုခြေလှမ်းအောက်တွင် စီးပွားရေးစင်္ကြန်များအဖြစ် လျာထားသော ကချင်ပြည်နယ်တွင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေများအပါအဝင် အဓိကကျသော နယ်နိမိတ်များကို စုစည်းထိန်းချုပ်ရန် လက်ရှိ ငြိမ်းချမ်းရေးညီလာခံမတိုင်မီကာလတွင် မြန်မာစစ်တပ်က အားထုတ်ခဲ့သည်။ ယင်းသို့ ကျူးကျော် ဝင်ရောက်တိုက်ခိုက်ခြင်းများသည် စစ်တပ်အနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေး  ဆောင်ရွက်လိုခြင်းကြောင့်ဖြစ်သည်ဟု KIA က ပြောဆိုပြစ်တင် ခဲ့သည်။  

တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများနှင့် စားသုံးသူ ဝယ်လိုအားများသည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ပဋိပက္ခများအပေါ် သက်ရောက်မှုများရှိသည်။  ကျောက်စိမ်းကို တရုတ်ပြည်၏ လိုလားမှုသည် မြန်မာနိုင်ငံတွင်း တိုင်းရင်းသားပဋိပက္ခများအနက်  ပြေလည်မှုရနိုင်ရန်အခက်ဆုံးဖြစ်စဉ်တစ်ခုကို ပေါ်ပေါက်စေသည် ။ ကျောက်စိမ်းလုပ်ငန်းမှ သတင်းအရင်းအမြစ်များအရ ကျောက်စိမ်းများ၏ ၅၀ မှ ၈၀ ရာခိုင်နှုန်းခန့်ကို နယ်စပ်ဖြတ်ကျော်၍ တရုတ်ပြည်တွင်းသို့ မှောင်ခိုတင်သွင်းကြသည်။  မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအတွက်  အကျိုးကျေးဇူးများစွာ  ဖြစ်ထွန်းနေစေသည့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသောလုပ်ငန်းကို တရုတ်စီးပွားရေးလုပ်ငန်းများက နောက်ကွယ်မှု ကြိုးကိုင်နေသည်ဟု Global Witness ၏ သုတေသန ကပြသနေသည်။ တရုတ်နိုင်ငံ၏ အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂.၃ ဘီလီယံ တန်ဖိုးရှိ ကျောက်စိမ်းများကို တရားဝင်တင်သွင်းခဲ့ပြီး ယင်းပမာဏသည် အမှန်တကယ်ကုန်သွယ်မှု၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ဖွယ်ရှိကာ ကချင်ပြည်နယ်မှ  ပြည်သူများနှင့် ပြည်ထောင်စုအစိုးရတို့သည် အကျိုးကျေးဇူးအနည်းငယ်မျှသာ ရရှိခဲ့သည်။ 

A Tatmadaw soldier guarding a jade company compound in Hpakant, Kachin State

A Myanmar army soldier guards a jade mine in Hpakant, Kachin (Minzayar Oo)

ကချင်ပြည်နယ်အတွင်း သယံဇာတ မတရားထုတ်ယူခြင်းများ၏  ပြင်းထန်သောဆိုးကျိုး သက်ရောက်မှုများကို တရုတ်ဘာသာစကားဖြင့် ယနေ့စတင်ပြနေသော “ကျောက်စိမ်းနှင့် စစ်ဗိုလ်ချုပ်များ” ရုပ်ရှင်တိုတွင် ဖော်ပြထားသည်။ အဆိုပါ သယံဇာတ တူးဖော်မှု လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အပေါ်လွှာလူတန်းစား၊ မူးယစ်ရာဇာများ နှင့် နောက်ကွယ်မှ တရုတ်စီးပွားဖက်များကို ကြွယ်ဝချမ်းသာနေစေသော်လည်း  ဒေသခံပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် မည်မျှ အန္တရာယ်ကြီးမားကြောင်းကို ယင်းရုပ်ရှင်တွင်  ဖော်ပြထားသည်။ 

ကချင်ပြည်နယ်၏ ကြွယ်ဝသော ကျောက်စိမ်းရတနာသိုက်များကို မတရားရယူရာတွင် စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ မူးယစ်ရာဇာများနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်လျက်ရှိကာ ပဋိပက္ခများဖြစ်ပွားစေလျက်ရှိသည်ဆိုသည့် အချက်မှာ ကချင်ပြည်နယ်တွင်းမှ အဓိက ကျောက်စိမ်းတူးဖော်ရာနယ်မြေဖြစ်သည့် ဖားကန့်တွင် ထုတ်ဖော်မပြောကြသော်လည်း လူတိုင်းသိသည့် အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ သွင်းအားစုကွင်းဆက်၏ အဆင့်တိုင်းတွင် လာဘ်ပေးလာဘ်ယူမှုများရှိကြောင်း ကျွန်ုပ်တို့၏ စုံစမ်းထောက်လှမ်းမှုများအရသိရသည်။  လိုင်စင်လျောက်ထားရယူရာတွင် လာဘ်ပေးရခြင်း၊  ကျောက်တွင်းတွင် ထုတ်လုပ်မှုတန်ဖိုးများကို နိမ့်ချသတ်မှတ်ပေးရန်အတွက် အရာရှိများကို လာဘ်ပေးရခြင်း၊ ကျောက်စိမ်းများကို  မှောင်ခိုသယ်ဆောင်ရာတွင်  ချောမွေ့စေရန်အတွက် စစ်တပ်၊ ဒေသခံပြည်သူ့စစ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လာဘ်ပေးရခြင်းများတို့ဖြစ်သည်။ 

ဗဟိုဘေကျင်းမြို့တော်အဆင့်တွင် တရုတ်စီးပွားရေးလုပ်ငန်းများသည် အဆိုးကြုံနိုင်ခြေ မြင့်မား သည့် တည်နေရာများနှင့်ဆက်စပ်နေသော ကမ္ဘာတစ်ဝှမ်းရှိ ယင်းတို့၏ သွင်းအားစု ကွင်းဆက် များတွင် တာဝန်ယူမှုကို ပိုမိုတိုးမြှင့်ရမည်ဖြစ်ကြောင်း သိနားလည်ကြသောကြောင့် လုပ်ငန်းများနှင့် ဆက်စပ်နေသည့် အဆိုးကြုံနိုင်ခြေများ နှင့် အန္တရာယ်များအား ခွဲခြားသတ်မှတ်ကာ လျှော့ချလျက် ရှိကြသည်။ ယင်းတို့၏ သတ္တုတူးဖော်ရေးကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များတွင် နိုင်ငံတကာရှိ အကောင်းမွန်ဆုံး အလေ့အထများ ထင်ဟပ်နေသည်ကိုတွေ့ရပြီး ကုမ္ပဏီများအနေဖြင့် လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် ထိခိုက်မှုမရှိစေရန် မည်သို့ လုပ်ဆောင်နိုင်ကြောင်း၊ လုပ်ဆောင်သင့်ကြောင်းကို ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ ကျောက်စိမ်းကဏ္ဍတွင် အဆိုပါ လမ်းညွှန်ချက်များနှင့်တကွ အခြားသော လုပ်ငန်းပိုင်းဆိုင်ရာ အကောင်းမွန်ဆုံး အလေ့အထများ နှင့် ပြည်တွင်းဥပဒေ ပြင်ဆင်မှုများအား အရေးတကြီး အကောင်အထည်ဖော်ရန် လိုအပ်နေ ပါသည်။

ယင်းသို့ သယံဇာတများနှင့် အကျင့်ပျက်ခြစားမှုများပေါင်းဆုံနေခြင်းကြောင့် စစ်တပ်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော အခြားဇာတ်ကောင်များအတွက် ငြိမ်းချမ်းရေးကို အမှန်တကယ်ရအောင် လုပ်ဆောင်ရန် မက်လုံးကင်းမဲ့စေသည်။ ပဋိပက္ခကို ဖြစ်စေသော စီးပွားရေးဆိုင်ရာ အကြောင်းခြင်းရာများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်  ဆွေးနွေးပြောဆိုမှုမရှိသေးဘဲ ယင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းများ၏ အောင်မြင်နိုင်မည့် အလားအလာကို ထိခိုက်စေသည်။ 

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံအစိုးရသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သော အဖွဲ့အစည်းများကို စားပွဲဝိုင်းဆီသို့ ခေါ်ဆောင်လာနိုင်ရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုပါသည်။ သို့သော် ၄င်းနှင့် ဆက်စပ်နေသော ပဋိပက္ခများကို ဖြစ်ပွားစေသည့်အကြောင်းရင်းများအား အလေးမထားသည့် ဖွံ့ဖြိုးရေးအစီအစဉ်များကိုသာ ဆက်လက်တွန်းပို့နေမည်ဆိုပါက အထက်တွင်ဖော်ပြခဲ့သော အားထုတ်မှုများသည် ပျက်စီးမှုနှင့်သာ ကြုံရနိုင်သည့် အလားအလာရှိနေပါသည်။ 

You might also like