Blog | July 14, 2020

အစိုးရ၏ တာဝန်ယူလုပ်ဆောင်မှု ကင်းမဲ့ခြင်းကို မြန်မာ့ကျောက်စိမ်းတွင်းမှ အဖြစ်ဆိုးက မီးမောင်းထိုးပြသနေ။

Read this content in:

English

မုတ်သုံမိုးကြောင့် ဖြစ်ပေါ်လာသည့် ကန်အတွင်းသို့ တောင်ပုံယာပုံဖြစ်နေသည့် ကျောက်တွင်း စွန့်ပစ်မြေများ ပြိုကျခဲ့သောအခါ ကျောက်တူးသူများသည် ပြေးရန် အချိန်မရခဲ့တော့ပေ။ စက္ကန့်ပိုင်းအတွင်းမှာပင် ကန်ပေါင်ကျိုးကာ စီးထွက်လာသော ရေများသည် လူ ၁၇၄ ဦးကို စီးမျောသေကြေပျက်စီးစေခဲ့သည်။

ဇူလိုင်လဆန်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့်ရှိ ကျောက်စိမ်းတွင်း၌ ဖြစ်ပွားခဲ့သော အဖြစ်ဆိုးသည် သမိုင်းတစ်လျောက် အလားတူဖြစ်ရပ်များတွင် အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ စိတ်မကောင်းဖွယ်ရာအဖြစ်မှာ ၎င်းသည် တစ်ကြိမ်တစ်ခါဖြစ်ရပ်မျိုး မဟုတ်ဘဲ အလားတူသေကြေမှုများပြားသည့်ဖြစ်စဉ်များကို နှစ်စဉ်တွေ့ကြုံနေကြရခြင်းဖြစ်သည်။ ယင်းကျောက်စိမ်းတွင်း မြေပြိုမှုဖြစ်စဉ်အားလုံးနှင့်အတူ လွန်ခဲ့သည့် ရက်သတ္တပတ်က ဖြစ်ပွားခဲ့သော အဖြစ်ဆိုးသည် ရှောင်လွဲနိုင်လောက်သည့် ဖြစ်စဉ်ဖြစ်သည်။

ကာလကြာရှည်စွာကပင် ဖားကန့်ရှိ ကျောက်တူးသမားများ သေကြေမှုကို တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ သို့မဟုတ် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံစုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ထက်ဝက်နီးပါး ရှိသည်ဟု ခန့်မှန်းသည့် အကျိုးအမြတ်ကြီးမားသော ကျောက်စိမ်းလုပ်ငန်း၏ ဘေးထွက်ဆိုးကျိုး တစ်ခုအဖြစ်သာ မှတ်ယူကာ အရေးမစိုက်ခဲ့ကြပေ။ နောက်ဆုံး ဖြစ်ရပ်ဆိုးနောက်တွင် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု သတိပေးထားသည့်ကြားမှ ကျောက်တွင်းစွန့်ပစ် မြေစာများအကြား ကျောက်ရှာဖွေနေကြသည့် အလွတ်သဘောလုပ်ကိုင်နေကြရသော ရေမဆေးကျောက်သမားများအပေါ် နိုင်ငံရေးသမားများက အလျင်အမြန် အပြစ်ဖို့ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ တရားဝင်ခေါင်းဆောင်ဖြစ်သည့် အောင်ဆန်းစုကြည် က အဖြစ်ဆိုး၏ တရားခံမှာ အလုပ်လက်မဲ့ဖြစ်မှုများဟု ပြောဆိုခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသည့် အစိုးရကော်မတီခေါင်းဆောင်ကမူ တရားဝင် ထုတ်ပြန်ချက်များကို လျစ်လျူရှုခဲ့ကြသည့် “လောဘကြီးသော” ကျောက်တူးသမားများ ဟု ဆိုခဲ့သည်။  

ထိခိုက်နစ်နာသူကို အပြစ်တင်ခြင်းသည် မခံရပ်နိုင်ဖွယ်ဖြစ်ရုံသာမက ယင်းကဏ္ဍကို သန့်စင်ရန် အစိုးရ၏ ပျက်ကွက်မှုကို အာရုံလွှဲခြင်းလည်းဖြစ်သည်။ အများအားဖြင့် တရုတ်ပြည်ဈေးကွက်ကို တင်ပို့ကာ စစ်တပ်နှင့် ဆက်စပ်သည့် အင်အားကြီးမားသော ကုမ္ပဏီများ၊ ခရိုနီများ နှင့် လက်နက်ကိုင်အုပ်စုများကို ဒေါ်လာဘီလျံချီဝင်ငွေများ ရရှိနေစေသည့် အကျင့်ပျက်ခြစား၊ ပဋိပက္ခများဖြင့် တင်းကြမ်းဖြစ်နေသည့် လုပ်ငန်းကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းကြပ်မတ်ရန် Global Witness သည် နှစ်ပေါင်းများစွာကပင် တောင်းဆိုလာခဲ့ပါသည်။ မကြာမီက မြန်မာနိုင်ငံဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးက ၎င်းကို “အလွန်အရွယ်အစားကြီးမားကာ စနစ်တကျစုပေါင်းလုပ်ဆောင်သည့် ရာဇဝတ်မှု တစ်ခု” ဟုပင် ခေါ်ဝေါ်ခဲ့ပါသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့မဟုတ် NLD အစိုးရသည် ကျောက်စိမ်းကဏ္ဍရှိ ဘေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် ၂၀၁၆ ခုနှစ်ကတည်းက ကတိပြုခဲ့သော်လည်း ၎င်း၏လုပ်ဆောင်မှုများသည် နှေးကွေးကာ လုံလောက်မှုမရှိခဲ့ပေ။ ၂၀၁၉ ဇန္နဝါရီလတွင် ပြဌာန်းခဲ့သည့် ချို့ယွင်းချက်များပါရှိနေသော ကျောက်မျက်ဥပဒေကိုပင် အကောင်အထည်မဖော်နိုင်သေးကာ အစိုးရက တာဝန်ပေးထားသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်သည်လည်း စင်ပေါ်တွင် ဖုန်တက်နေခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် ပြင်းပြင်းထန်ထန် အဆိုပြုချက်အချို့ကို တွင်းထွက်တူးဖော်သည့် အင်အားကြီးမားသောအဖွဲ့အစည်းများက အင်နှင့်အားနှင့် ပြန်လည်တွန်းပယ်ခဲ့ကြသည်ဟု မြန်မာပြည်တွင်းမှ သတင်းရင်းမြစ်များကဆိုသည်။

NLD ကိုယ်စားလှယ်တစ်ဦး၏အဆိုအရ ယခုလဖြစ်ရပ်တွင် မြန်မာတကောင်း အပါအဝင် ကုမ္ပဏီများက ၁၀ နှစ်ကျော်ကြာ တူးဖော်ခဲ့ပြီးနောက် မြေပြိုရန် အသင့်ဖြစ်နေခဲ့သည့် ကျောက်တွင်းလုပ်ကွက်တစ်ခုလည်း ပါဝင်သည်။ မြန်မာတကောင်းကုမ္ပဏီသည် အမေရိကန်နိုင်ငံက အရေးယူမှုများချမှတ်ထားသည့် မူးယစ်ရာဇာ ဝေရှောက်ခန်း နှင့် တိုင်းပြည်အတွင်း အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တို့နှင့် ဆက်စပ်နေသည့် အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ၂၀၁၅ Global Witness အစီရင်ခံစာအရ သိရသည်။

၁၉၉၀ ပြည့်လွန်အစောပိုင်းနှစ်များအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာ တို့သည် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များပြုလုပ်ရာတွင် အလဲအလှယ်အဖြစ် ကျောက်စိမ်းတူးဖော်ခွင့်များ ရရှိခဲ့ကြသည်။ ၎င်း အပေးအယူများသည် ငြိမ်းချမ်းရေးအစား ပဋိပက္ခများကိုသာ တိုးပွားလာစေခဲ့သည်။ အကြောင်းမှာ လက်နက်ကိုင်အဖွဲ့များသည် ဝေစုခွဲခြင်း၊ ဥပဒေမဲ့ ကိုယ်ကျိုးရှာခြင်း စသည့် အပြုအမူများ လုပ်ဆောင်ခဲ့ကြပြီး မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားအချင်းချင်းတင်းမာမှုများဖြစ်ပွားခဲ့သည်။ ယခင်မြေပြိုမှုများတွင် ပတ်သက်မှုရှိသော်လည်း ယင်းအဆက်အသွယ်ကောင်း အင်အားကြီးမားသော ကုမ္ပဏီများသည် အပြစ်ပေးမခံရဘဲ ဖားကန့်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရခဲ့ကြသည်။

အမှန်တကယ်အားဖြင့် လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သည့် လူ ၅၀ ကျော်သေဆုံးခဲ့သော မြေပြိုမှုတွင် စစ်တပ်၊ ပြည်သူ့စစ်များနှင့် ဆက်စပ်နေသည့် လုပ်ငန်းများအပါအဝင် အဆက်အသွယ်ကောင်းသည့် ကုမ္ပဏီများစွာတို့ အလွတ်သဘောဖွဲ့စည်းထားသည့် လုပ်ငန်းစုတစ်ခုလည်း ပါဝင်သည်။ တာဝန်ရှိသည့် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးခြင်း နှင့် အပြစ်ပေးခြင်းဖြင့် ၎င်းအင်အားကြီးမားသည့်လုပ်ငန်းများကို အရေးယူရမည့်အစား အစိုးရတာဝန်ရှိသူများသည် ၎င်းလုပ်ငန်းများကို လူသိရှင်ကြား ကာကွယ်ပေးခဲ့သည်။

မြန်မာအစိုးရသည် ကျောက်စိမ်းကဏ္ဍအတွင်းမှ စစ်တပ်နှင့် ဆက်စပ်နေသော အဖွဲ့အစည်းများ နှင့် လက်နက်ကိုင်အုပ်စုများ၏ ကြီးမားများပြားသော အကျိုးစီးပွားများကို ကိုင်တွယ်ရန် ဆန္ဒမရှိ သို့မဟုတ် မစွမ်းနိုင်ကြောင်း ထပ်တလဲလဲပြသခဲ့သည်။ နောက်ဆုံးဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများပြုရန် အစိုးရက ကြေညာခဲ့ပြီး တပ်မတော်က ၎င်း၏ တပ်မတော်အရာရှိနှစ်ဦးကို အရေးယူခဲ့သော်လည်း မြန်မာနိုင်ငံသည် ပဋိပက္ခများကို မီးထိုးပေးနေသော ရှုပ်ထွေးပွေလီသည့် ငွေကြေးမက်လုံးများကို နိုင်ငံ၏ ရုန်းကန်နေရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ကိုင်တွယ်ဖြေရှင်းခြင်း မရှိပေ။

စစ်တပ်၏ ကြီးမားသော အတိုင်းအတာဖြင့် သယံဇာတများကို အတင်းအကြပ် သိမ်းယူခြင်းများအပါအဝင် ယင်းပဋိပက္ခများ၏ နောက်ကွယ်မှ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ မကြေနပ်မှုများကို စားပွဲဝိုင်းထိုင်ဆွေးနွေးရန် NLD သည် အားထုတ်ခဲ့ခြင်းမရှိပေ။ အကျိုးဆက်အဖြစ် ကျောက်စိမ်းကုမ္ပဏီများ နှင့် လက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့၏ အကျိုးအမြတ်အတွက် လူ့အသက်များဖြင့် ဆက်လက်လောင်းကစားပြုနေကြပြီး တစ်ချိန်တည်းမှာပင် ပဋိပက္ခအခြေအနေများကို ပိုမိုဆိုးရွားနေစေသည်။ 

ဤနောက်ခံအခြေအနေတွင် လွန်ခဲ့သောရက်သတ္တပတ်ကဖြစ်ပွားခဲ့သည့် မြေပြိုမှုကို ကံမကောင်းအကြောင်းမလှသည့်မတော်တဆဖြစ်စဉ်တစ်ခုအဖြစ် မရှုမြင်သင့်ဘဲ အစိုးရအနေဖြင့် အရှက်ရကာ အရေးယူဆောင်ရွက်မှုများပြုလာစေသင့်သည့် ကြိုတင်သိမြင်နိုင်၊ ကြိုတင်ကာကွယ်နိုင်ခဲ့လောက်သော ဘေးဆိုးတစ်ခုဟု ရှုမြင်သင့်သည်။

အစိုးရအနေဖြင့် လက်တွေ့ကျကျ အချိန်မဆိုင်းဘဲ လုပ်ဆောင်နိုင်သည့် အရာများစွာရှိပါသည်။ ပထမဦးစွာ အစိုးရသည် ဖြစ်ရပ်ဆိုး၏ အကြောင်းရင်းကို လွတ်လပ်စွာစုံစမ်းစစ်ဆေးသင့်သည်။ ဒုတိယအနေဖြင့် အစိုးရသည် ထိခိုက်ပျက်စီးမှုများဖြစ်စေသည့် အရွယ်အစားကြီးမားသော တူးဖော်မှုများကို ပိတ်ပင်ခြင်း၊ တာဝန်မဲ့ကုမ္ပဏီများ၏ လုပ်ငန်းလိုင်စင်များကို ရုတ်သိမ်းခြင်းများ အပါအဝင် ထိရောက်သော ကျောက်မျက်ဥပဒေ၊ စည်းမျဉ်းများကို ကျင့်သုံးသင့်ပါသည်။ နောက်ဆုံးအနေဖြင့် အစိုးရသည် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကို တွင်းထွက်ကဏ္ဍ မှ ဖယ်ရှားရန် ဥပဒေပြဌာန်းသင့်သည်။ 

ရေရှည်တွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်းကြွယ်ဝမှုသည် တာဝန်ယူမှုရှိစွာ ဖွံ့ဖြိုးလာစေရေး နှင့် မိမိတို့ချစ်ခင်ရသူများအတွက် ငိုကြွေးကျန်ရစ်ခဲ့ရပြီး ဘေးဆိုးနောက်တစ်ကြိမ် မည်သည့်အချိန်တွင် ထပ်ဖြစ်ဦးမည်နည်းဟု တွေးတောနေရသည့် ဒေသခံပြည်သူများအကျိုးရှိစေရေး သေချာစေရန်အတွက် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်သည်။

This piece was originally published by Nikkei Asian Review here.

Author

  • Hanna Hindstrom

    Senor Campaigner, Myanmar

Contacts

  • Hanna Hindstrom

    Senor Campaigner, Myanmar

You might also like

  • Report

    Jade and the Generals

    As Myanmar gears up for national peace talks, our new film reveals how the jade riches of Kachin State are helping to incentivise and fuel deadly armed conflict.
    A backhoe working at Pho Thar Htoo company mining site in Ngo Pin where Ever Winner, Pho Thar Htoo, Mya U Yin, Yadanar Yaung Chi and Wai comapanies are opearating, Hpakant, October 23, 2016., Hpakant, October 23, 2016.
  • Report

    Jade: Myanmar's "Big State Secret"

    As Myanmar's historic election approaches, our report reveals a secret jade trade worth up to US$31 billion, and controlled by military elites and drug lords.
    jade pickers night Myanmar